http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, March 30, 2011

ဆုံစည်းဖို့အတွက် အိမ်ပြန်ရက်တွေ နီးပါစေ။

"နင်ကလေ လူသာ ဘာမှမဟုတ်တာ မာနက မိုးလောက်နဲ့ အမြင်ကပ်ဖို့ အရမ်းကောင်းတယ် သိလား ခင်ထား "
" ငါဘာသာ မာန ဘယ်လောက် ကြိးကြိး နင့်အပူ ဘာပါလို့လဲ နင်ဘာသာ နင်သွားပါလား နင့်ကို ဘယ်သူက စောင့်ပါပြော ထားလို့လဲ ကိုယ်လမ်းကိုယ်သွား တစ်လမ်းစီပဲ အပိုတွေ လာပြော မနေနဲ့ "
" ဘာလို့ အပိုတွေ ပြောရမှာလဲ ငါ့စက်ဘီး နောက်က လိုက်ရမှာ သေရမှာထပ် အကြောက် အကန်ငြင်းနေတဲ့ နင့်ကို ကြည့်လို့ကို မရဘူး"
" မကြည့်ရရင် မကြည့်နဲ့ပေါ့ ဘယ်သူက ကြည့်ပါရှင် ကြည့်ကြပါလို့ အော်နေလို့လဲ... "
" ဟား...ဟား... နင်ကလေ လုပ်လည်းလုပ်တက် ပြောလည်း ပြောတက်ပနော်။ "
အသံနေ အသံထားနဲ့ ဘုစပ်စပ် ပြောတဲ့ ကျွန်မရဲ့ အပြောကို အားပါးတရ ရယ်မောရင်း အမှတ်မရှိ သလိုကျွန်မ ရဲ့ဘေးမှ စက်ဘီး ကိုတစ်လိမ့်ချင်း လိမ့်ပြိး ခြေဖျားနှင့် ထောက်လိုက် လည်တယ်ဆိုရုံ နင်းလိုက်နဲ့ အလုပ်ရှုပ် နေတဲ့ အောင်အောင်။
" နင်ကလေ အမှတ်မရှိတာမှ တော်တော် မရှိတာ ဘယ်လောက် ပြောပြော နာရကောင်းမှန်း နားမလည်ဘူး ရှက်တက်တဲ့ သူဆို နင့်ရောမှာ သက်သေ သွားလောက်ပြီ သိလား "
" ငါဘာသာ မသေတာ နင်မနာလို မဖြစ်ပါနဲ့ ခင်ခင်ထားရဲ့ နင့်လို မာနတွေ ကြိးပြိး ဟန်ဆောင်နေ ရတာ ဘယ်လောက် ပင်ပန်းတယ် မှတ်လဲ ရင်မှာ အရှိကို အရှိ အတိုင်းပဲ နင့်လို သူများနား မခံသာအောင် စကားပြောပြိး နာကျင်စေတဲ့ ခပ်ဆိုးဆိုး မိန်းခလေး တစ်ယောက် ဖြစ်ရတာထပ် စာရင် အခုလို လူချစ်လူခင် ပေါတဲ့ လူတစ်ယောက် အနေနဲ့ ရပ်တည်ရတာ ဘယ်လောက်များ စိတ်ချမ်းသာ ရတယ်မှတ်လဲ"
"အဲဒါဆိုလည်း နင်ဘာသာ နင်နေပါလား ဘာလို့ အရှက်မရှိ အောက်ကျ နောက်ကျ လိုက်ခေါ် နေရတာလဲ နင်နဲ့ငါက ပြဒါး တစ်လမ်း၊ သံတစ်လမ်း သွား..နင်မသွားရင် ငါခဲနဲ့ ထုမှာနော် အောင်အောင် စိတ်တိုအောင် လာလုပ်မနေနဲ့ "
" ငါက ခေါ်ချင်လို့ ခေါ်တယ်မှတ် နေလား မာနခဲရဲ့ သူငယ်ချင်းမို့လို့ ခေါ်နေတာပေါ့ အလကားနေ မာနကြိး နေတဲ့ နင့်ကို အမြင်ကပ်လို့ "
စိတ်မတို တိုအောင် အမှုရာ နဲ့ပါ ပြောနေသော အောင်အောင် ကြောင့် လက်ထဲက အသင့်ကောက် ထားသော ခဲလုံးက အဆင့်သင့်.။
" နင် ငါမပေါက်ရဲဘူး ထင်နေတယ်ပေါ့ လေဟုတ်လား "
လွယ်အိတ်ကို စလွယ်သိုင်း အနေထားသို့ ပြောင်းလွယ်လိုက်ပြိး လက်ကလဲ အဆင့်သင့် အနေအထားနဲ့ ဖြစ်နေတဲ့ ခင်ခင်ထား။ သက်ပြင်း သဲ့သဲ့ သူမမသိအောင် ချရင်း ဒီလောက်နဲ့ ရပ်ဖို့ အသိဝင်လာတဲ့ ကျွန်တော်။ သူမက မာနကြီးရုံ တင်မက လက်သံပါ ပြောင်တာလည်း သတင်းကြိးတဲ့ ကောင်မလေး တစ်ယောက်လေ။
" မဟုတ်ဘူး မဟုတ်ဘူး ငါစနေတာနော် ခင်ခင်ထား မလုပ်နဲ့ ..မလုပ်နဲ့ "
" ဒေါက် "
ဘာပဲပြော ပြော အပြောကနောက်ကျ ပြိး ခဲက ခေါင်းကို ဒေါက် ဆိုသော အသံနဲ့ နဖူးဇောင်း ကို လာထိသည်။ နွေရာသီ ကျောင်းပြန်ရက်မို့ ထင်ပ ချစ်ချစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ ဖြာခနဲ စီးကျလာတဲ့ သွေးတွေက နဖူးဇောင်းမှာ စီးကျနေလျှက်။ သေချာပြိး ပေါက်သွားပြီ ဆိုတဲ့ အသိ။ ပေါက်လိုက်တဲ့ ခဲက သိပ်မကြိးလောက် ပေမယ့် ဂဝံခဲပေမယ့် မညီမညာနဲ့ ချွန်ပါတဲ့ ခဲမို့ မျက်ခုံးရဲ့ အစွန်ကို ထိသွား ခြင်းပါ။ လက်ကလည်း တည့်ပ။ သွေးတွေ ကျနေတာ မြင်သွား ပေမယ့် သနားညှာတာ ရမှန်းမသိ၊ မမြင်ချင်ယောင် ဆောင်ကာ
" မှတ်ထား နောက်တစ်ခါဆို ဒီထက်ဆိုးမယ် "
လို့ ပြစ်ပြစ်နှစ်နှစ် ပြောလျှက် သူမနဲ့ မဆိုင်သလို ကျောခိုင်းသွား တဲ့ သူမကို ကြည့်ရင်း ကျွန်တော် လက်ကိုင်ပဝါနဲ့ သွေးများကို သုတ်ရင်း အနီးရှိ အပင်ရိပ် အောက်တွင် စက်ဘီး အသာရပ်ပြိး ကျောင်းအင်္ကျီအဖြူ ပေါ်တွင် သွေးစများ ပေနေတာကို စိတ်ပျက်လက်ပြတ် ကြည့်နေမိတယ်။ သေချာတယ် အိမ်ရောက်လျှင် မေမေကို ဘယ်လိုပြော ရမလဲဆိုတဲ့ ဆင်ခြေတစ်ခု ရှာဖွေရင်း ပထမဆုံးသော လိမ်ညာမှု တစ်ခုအတွက် ပြင်ဆင်နေမိတဲ့ ကျွန်တော်။ ဘာလို့များ သူမက ဒီလောက် မာနကြီးနေ ရတာပါလိမ့်။
.........................။.....................
" ခင်ထား နင်အခု အသစ်ရောက်တဲ့ မိသားစု အိမ်က သဌေသား လေးနဲ့ အတန်းတူတယ်ဆို "
" အဲဒါ ဘာဖြစ်လဲ မိန်းမဖြစ်ပြိး တော်တော် စပ်စုနေ လာပြီ ဒါပဲ သိချင်ရင် သွားသူ့ဆီ င်ဘာမှ မသိဘူး လာမမေးနဲ့ "
" နင်ကလည်း ငါက နင့်လို စာမှမတော်တာ စာတော်လို့ ( A )မှာတက်ရရင် သူနဲ့ သူငယ်ချင်း ဖြစ်အောင် လုပ်တာပေါ့ အခုတော့ ရွှေမင်းသားလေးကို လှမ်းမျှော်နေ ရတာ ကိုကအလုပ်တစ်လုပ် "
" မိန်းမနော် စာတော့ မကျက်ဘူး မဟုတ်တာ ကျတော့ တော်တော် စိတ်ဝင်စားနေ အဲဒါကြောင့် အေခန်းကနေ အမှတ်လျှော့ပြိး စီခန်းရောက်တာ နည်းတောင် နည်းသေးတယ် "
" အဟီး အိမ်ကလည်း ဆူနေတယ် ဒီနှစ် အခန်းဆင်းရတာနဲ့တင် တော်ပြိတဲ့ အတန်းတင် ကျရင်တော့ တောကို ပို့ပစ်မယ် ဆိုပြိး ရာဇသံ ပေးနေတယ်ဟ "
" ဟုတ်လဲ ဟုတ်တာပဲ နင်က ဥာဏ်မကောင်းတာ လည်းမဟုတ်ဘူး အလကားနေ ပေဖို့တေဖို့နဲ့ မဟုတ်တာ တွေပဲ စိတ်ဝင်စားနေတယ် "
" နင်ကလည်း အခုကြိုးစား နေပါတယ်ဟ သြော် ဒါနဲ့ အဲဒီ မင်းသားလေးရဲ့ အမေက မာနကြိးကြိး တဲ့သိလား သူ့အမေနဲ့ တခြားဆီပဲနဲ့ သူက အရမ်းသဘော ကောင်းတာတဲ့ အဟီး သူငယ်ချင်း ဖြစ်ချင်လိုက် တာနော် "
" နင်ကလေ သူများအကြောင်း တော်တော် စပ်စုပါလား ဟယ်ရီ ငါနော် နင့်အိမ်ကို လာတိုင်ရမလား တော်တော်ကဲ.."
" အဟီး နင်ကလည်း လုပ်ပါနဲ့ဟ နဂိုထဲကမှ အိမ်က နင့်နဲ့ ယှဉ်ပြိး ဆူနေရတဲ့ အထဲ "
ဟယ်ရီက ပြည့်စုံတဲ့ မိသားစုရဲ့ သမိးငယ်ဆုံး ဖြစ်သလို အကိုနှစ်ယောက် ကလည်း ကျောင်းပြိးလို့ မိဘပွဲရုံ လုပ်ငန်း တွေမှာ ဝင်ရောက် လုပ်ကိုင်နေ ကြတာမို့ စီးပွားရေး အရ တောင့်တင်းတဲ့ မြို့ခံမျက်နှာ ဖုံးမိသားစုတွေလေ။ စီးပွားရေး ပြည့်စုံသလို လူမှုရေး အလှုအတန်းလဲ ရက်ရောကြတဲ့ မိသားစုမို့ မသိသူမရှိ ရအောင် ထင်ပေါ် ကြတယ်လေ။ ဟယ်ရီနဲ့ ခင်ထားနဲက ငယ်သူချင်း တွေဖြစ်သလို ငယ်ငယ်ထဲက အတူသွား အတူစားမို့ ဒီနှစ်(၁၀) တန်းရောက်ခါမှ အမှတ်နည်းပြီး အတန်းရွေ့ ခံရလို့ အတန်းမတူ ပေမယ့် ကျန်တဲ့ အချိန်တွေဆို အားတာနဲ့ နှစ်ယောက်သား ဆုံဖြစ်ကြတယ်လေ။ ဟယ်ရီရဲ့ မိဘတွေကလည်း ခင်ထားနဲ့ဆို ယုံကြည် စိတ်ချပြိးသား။
" ခင်ထား "
" ဘာလဲ "
" နင်ကလည်းနော် ဖြေးဖြေး ထူးပါဟ ဒီမှာ လန့်လို့ သေတော့မယ် "
" ဘာလဲ ပြော မဟုတ်တာတွေ ထပ်မမေးနဲ့ ငါဘာမှ မသိဘူး "
" အေးပါ နင်ဘာမှမသိလဲ ငါဘာသာ ငါစုံစမ်းမယ် အဟီး "
ကြိုပြောပြိး ကြိုပိတ်လိုက်တဲ့ ခင်ထားစကားကြောင့် မေးရမဲ့ စကားတွေ လွင့်ပျောက်ရင်း အရှက်ပြေ ရယ်မောလိုက်တဲ့ ဟယ်ရီ ကြောင့် မသိမသာ ပြုံးလိုက်မိတဲ့ ခင်ထား။ မနောဟယ်ရီ ဆိုတဲ့ နာမည်လေးနဲ့ လိုက်အောင် ချောမော ပြိးစိတ် သဘောထား နူးညံ့ သူလေးမို့ အပေါင်းသင်း မရှိတဲ့ ခင်ထားက သူမလေးကို အရမ်းပဲ ချစ်ပါတယ်။ ဘယ်လောက်ပဲ မာနတွေ ကြိးကြီး နာရကောင်းမှန်း စိတ်ဆိုးရ ကောင်းမှန်းမသိပဲ အရိုးခံ သဘောနဲ့ ဖြူစင်တဲ့ ဟယ်ရီ။ ဘာမှ မရှိပဲ အခြောက်တိုက် ဘဝင်မြင့်နေ သူက သူမသက်သက်သာ။ အဖေတစ်ခု သမီးတစ်ခု ဘဝမို့ မိခင်ဆိုတာ ခင်ထားကို မွေးပြိး မီးတွင်းမှာပဲ ဆုံးရှာရတယ်လေ။ အဖေပြတဲ့ အမေရဲ့ ဓါတ်ပုံလေး တစ်ခုနဲ့သာ အမေဆိုတာ ကိုသက်သေ အဖြစ် ခံယူထားရတဲ့ ခင်ထား။ သမိးလေးကို ငဲ့ပြိး နောက်အိမ်ထောင် မပြုပဲ တစ်ယောက်ထဲ ရုန်းကန်နေတဲ့ အဖေကြောင့်သာ ခင်ထားက အခုလို ပညာအေးအေး သင်နိုင်တာ။ မရှိလဲ တိတ်တိတ် ၊ ရှိလဲ တိတ်တိတ်နဲ့ အဖေတစ်ခု သမီးတစ်ခုဘဝ။ ရုန်းကန်နေတဲ့ အဖေရဲ့ အမောတွေ ဝေမျှ ခံယူဖို့ ခင်ထားတက် နိုင်တာဆို ပညာကို လောဘတစ်ကြိး သင်ယူနေမိတာ တစ်ခုကလွဲ ရင် ငယ်ရွယ်သူတို့ရဲ့ လိုချင် တက်မက်မောမှု ဆန္ဒတွေကို အတက်နိုင်ဆုံး မြိုသိပ်ခဲ့ ရတာ ဘဝပေးကံကြောင့်မို့ ဘယ်သူတွေ ဘယ်လိုပြောပြော ခင်ထား အပြုံး မပျက်နိုင်ပါဘူး။ မာနဆိုတာ တစ်ခုပဲ သူမတူအောင် ချမ်းသာခွင့်ရတာ အဲဒါတောင် ပိုက်ဆံမပေး ရလို့ထင်ပါရဲ့။ ပိုက်ဆံပေးရတဲ့ မာနမျိုး ဆိုရင်လည်း ခင်ထားတစ်ယောက် ပိုင်ဆိုင် ခွင့် ရမှာ မဟုတ်ပါဘူးလေ။
........................။.................
" ခင်ထား ခင်ထား "
အသံနဲ့ ခေါ်သံ တစ်ခုကြောင့် လှည့်မကြည့်ပဲ သိနေတာမို့ သစ်ပင်ရိပ်အောက်မှ ရှေ့ဆက် မသွားပဲ ရပ်စောင့်နေ လိုက်သည်။ အနားရောက်လာတော့ ဟယ်ရီနဲ့ ကိုယ်တော်ချော အောင်အောင်။ ဒါမျိုးကြ သိပ်တက်ဆိုတဲ့ အသိနဲ့ ခပ်စူးစူး ဟယ်ရီကို စိုက်ကြည့်ရင်း တစ်လက်စထဲ ရွေမင်းသားဆိုတာကို လှမ်းကြည့်တော့ ပလာစတာလေးက မျက်ခုံးထူထူထဲထဲ ဘေးမှာ အထင်းသား နေရာယူလို့။ ဘာရယ်မဟုတ် စိတ်ထဲက လစ်ခနဲ ပြုံးလိုက်မိရင်း
" ခင်ထား သူကလေ ဟို..အခုမှ ရောက်တာတဲ့ နင်တို့ အတန်းထဲက ကျောင်းသားသစ် အောင်အောင် ။ သူက ဟယ်ရီရဲ့ အချစ်ဆုံး သူငယ်ချင်း ခင်ခင်ထားတဲ့ "
မသိသလို နေရင်း စိတ်ထဲမှ ရီချင်နေသော စိတ်က မရိုးမရွ။ အဲလောက်တောင် တုံးတဲ့ မနော်ဟယ်ရီ။ ဘာမှမသိစွာပဲ ခင်ထားတို့ နှစ်ယောက်ကို မိတ်ဆက်ပေး နေပြန်သည်။
" ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ခွင့်ရတာ ပျော်စရာ ကောင်းမယ်လို့ ယုံကြည်ပါတယ် "
အလဲ့။ သူကလည်း မနေ့က ဘာမှမဖြစ်ခဲ့ သလို ရုပ်တည်နဲ့ မင်သေသေ လုပ်နေလို့။ တက်လည်း တက်နိုင်ပါရဲ့ ရွေမင်းသားရယ်။
" သြော် ဒါနဲ့ နဖူးက ဘာဖြစ်တာလဲ "
ခင်ထားရဲ့ မသိချင်ယောင် ပြိးမေးတဲ့ မေးခွန်းကို ဟယ်ရီက နှုတ်သွက်စွာပဲ
" အစွယ်ပါတဲ့ ...."
ပြောမဲ့ စကားမစပ်ပဲ ရပ်လျှက်က ရယ်မော နေတဲ့ အောင်အောင် ကြောင့် ခင်ထား ပြုံးရင်း ဟန်မဆောင် နိုင်စွာ ဟားတိုက် ရယ်မော နေတော့ ဟယ်ရီက ကျွန်မတို့ နှစ်ယောက်ကို နားမလည်စွာနဲ့ မျက်လုံးအပြုးသားနဲ့ ကြည့်လို့နေသည်။
" ဟယ်ရီ ဒီဒဏ်ရာက မနေ့က ဟယ်ရီရဲ့ သူငယ်ချင်း လက်ရာလေ "
စပြိး အစချီ ရှင်းပြတဲ့ သူ့စကားကြောင့် နောက်မှ ဟယ်ရီက သဘောပေါက်သွားကာ ဘာမှမပြောရန် ကောဆိုတဲ့ အသိနဲ့ ကျွန်မကို မျက်စောင်း ထိုးလို့။ အဲဒီလိုကစပြီး မတည့်အတူ နေကြတဲ့ သူငယ်ချင်း သုံးယောက် အဖြစ် ကျွန်မတို့ရဲ့ ငယ်ဘဝ မှတ်တိုင်တွေ စိုက်ထူ ခဲ့ကြရင်း။
...................။.....................
" ခင်ထား အမှတ်ကောင်းရင် ဆေးကျောင်းတက်မှာ လားဟင် "
" မတက်ပါဘူး ဆေးကျောင်းတက် ရလောက်အောင် ဘဝပေး အခြေနေမကောင်း ဘူးလေ ပြိးတော့ ဝါသနာလဲ အဲလောက်မပါဘူး "
" ခင်ထားက စာတော်တာပဲ နှမြောစရာ အဲဒါဆို ဘာတက်မှာလဲ "
ဟယ်ရီကပါ စကားထောက်ပြိး ဝင်မေးတော့
" ငါလား ပုံမှန် ဘွဲ့လေး တစ်ခုခု ယူမယ် ပြိးရင် အဖေကို တစ်လှည့် တာဝန်ယူမယ်လေ "
" နင်လဲ ခင်ထား မဟုတ်တဲ့ အတိုင်းပဲ ဆေးကျောင်းလေး ဘာလေးတက်ပြိး ရည်မှန်းချက် ကြီးကြီး ထားမယ် မရှိဘူး ပြောပုံကလည်း အသက်မပါ လိုက်တာ "
ကျွန်မရဲ့ အပြောကို ဟယ်ရီက အလိုမကျစွာ အပြစ်တင် နေပေမယ့် အောင်အောင် ကတော့ နှုတ်ဆိတ်စွာ ကျွန်မတို့ နှစ်ယောက်၊ရဲ့ အခြေအတင် ကိုနားထောင်သူ သက်သက်။ ဟိုအရင် စာကျက်ပျင်းတဲ့ ဟယ်ရီတောင် အောင်အောင်ကို အားကျလို့ ဆေးအမှတ်မှီအောင် ဆိုပြိး စာအသဲသန် ကျက်နေတာ ခင်ထား သိသည်ပဲလေ။ ဘယ်တူပါ့မလဲ ဘဝပေး အခြေနေ တွေက အစကထည်းက ခြားနေပြိးသား။ မတန်မရာကို တွေးပြိး မျှော်လင့်နေရင် ကိုယ်ကိုတိုင်ပဲ စိတ်ညစ်ရမယ်လေ။ ဆေးကျောင်းတက် ရမယ့် နှစ်က နည်းတာမဟုတ်။ ကိုယ့်အတွက်ရယ်လို့ ကြိုးစားရှာဖွေ ပေးတဲ့ အဖေရဲ့ ပင်ပန်းမှုတွေကို ပုခုံးပြောင်း ယူနိုင်ရင်ပဲ ခင်ထား ကျေနပ်ပါပြီလေ။
" အခုလို သုံးယောက် ကျောင်းအတူတူ တက်ခွင့်ရရင် အရမ်းကောင်းမှာနော် ခင်ထားကလည်း တက်ကြရအောင်နော်."
ကလေးတစ်ယောက်လို နှုတ်ခမ်းစူ ပြီးပြောနေတဲ့ ဟယ်ရီကို နားလည်စွာ ပြုံးပြရင်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ မဟုတ်လား။
" မဟုတ်တာတွေ တွေးပူနေတယ် ကျောင်းမတူ တော့ရော မတွေကကြတော့ ဘူးလား အပိုတွေ လုပ်နေတယ် လာလည်ကြမှာပေါ့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဘူး မမြင်ဖူး ကြတာတွေ မှတ်လို့ "
" နင်ကလဲ ကျောင်းအတူ အတန်းတူ မေဂျာတူတော့ ပိုမကောင်း ဘူးလားလို့ "
" မကောင်းပါဘူး နင်တို့တွေနဲ့ မတူချင်ဘူး မတက်ချင်ဘူး စိတ်ကုန်လို့ "
စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက် တဲ့ ခင်ထား စကားကြောင့် ဟယ်ရီနဲ့ အောင်အောင် နှစ်ယောက်စလုံး မျက်လုံးပြူး လို့ ဝိုင်းကြည့်လျှက်။
"အဟီး စတာပါဟ နင်တို့ကလည်း ကြောက်စရာ လန့်စရာ ကြည့်ပုံတွေက နေပါအုံး နင်တို့က ဆေးကျောင်းမှ ဆေးကျောင်းလား သေချာသွားပြိး ပေါ့လေ "
" အင်းဟုတ်တယ် ခင်ထား ငါ ကဆရာဝန် ဖြစ်ချင်တာလေ "
" ဟုတ်ပါတယ်လေ သဘာဝကျပါတယ် အဖေရော အမေပါ အထူးကုတွေ ဖြစ်တဲ့ နင်က ဆရာဝန်ဖြစ် ချင်တာ မဆန်းပါဘူး ဟယ်ရီလည်း မိဘ စီးပွားရေး တောင့်တင်းတာပဲ ကောင်းပါတယ် ငါကတော့ ဝါသနာလဲ မပါဘူး ဖြစ်လဲမဖြစ်ချင်ဘူး ငါဖြစ်ချင် တာက မွဲတေခြင်းကို တိုက်ဖျက်ဖို့ အတွက် စီးပွားရေး ယူမယ် "
ကိုယ်ဘာသာ ကိုယ်ပြောပြိး အမည်မသိတဲ့ ခွန်အားတွေ ရင်ထဲ စီးဝင်လာ သလိုလို ပါပဲ။ လူတိုင်းမှာ အိမ်မက် ဆိုတာ မက်ခွင့်ရှိ သလို အကောင်ထည် ဖော်ဖို့ကြတော့ ကိုယ်ရဲ့ ကြိုးစားမှုနဲ့ အတူ ကံကြမ္မာရဲ့ မျက်နှာသာ ပေးမှုလည်း လိုမယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မျှော်လင့်လို့တော့ ရနိုင်ကောင်းပါရဲ့လေ။
.....................။...............
အောင်စာရင်း ထွက်တော့ သုံးယောက်စလုံး ချောချောမွေ့မွေ့ အောင်ကြတယ်။ အောင်အောင်က ဘာသာစုံ ဂုဏ်ထူး၊ ခင်ထားက ၄ဘာသာ၊ ဟယ်ရီလဲ ၄ဘာသာ၊ မို့ရည်ရွယ်သလို ပဲ သက်ဆိုင်ရာ ကျောင်းတွေ ရောက်ခဲ့တော့ အရင်လို သုံးယောက် မဆုံဖြစ် ကြပေမယ့် အဆက်သွယ်တော့ မပြတ်ခဲ့ကြဘူးလေ။ မကြာခဏ ဟယ်ရီနဲ့ အောင်အောင်က ခင်ထားရဲ့ ကျောင်းကို အလည်လာဖြစ်ကြ ပေမယ့် ခင်ထားကတော့ တစ်ယောက်ထည်း သမားမို့ မရောက်ဖြစ်ပါဘူး။ ကျောင်းတက်ပြိး မကြာခင် ဟယ်ရီ တစ်ယောက် ချစ်သူ ရတော့ ပိုလို့ အလာကျဲသွား တော့ မဆုံဖြစ်ပေမယ့် အောင်အောင် ကတော့ မကြာခဏ ဆိုသလို ခင်ထားဆီ အလည်ရောက်တဲ့လေ။
" အဆင်ပြေ တယ်မလား ခင်ထား "
"အင်းပြေတယ် ပုံမှန်ပါပဲ အောင်အောင် ဟယ်ရီရော မပါဘူးပေါ့လေ ထုံးစံအတိုင်းပဲပေါ့"
" အင်း ဟုတ်တယ် ငါလည်း ပျင်းလို့ တစ်ယောက်ထဲ ထွက်လာတာ ဒီနေ့ အတန်းလည်း မရှိလို့လေ နင့်ဆီ မရောက်ဖြစ် ပေမယ့် သတိရပါတယ် "
" အင်း ဟိုရက်တွေက စာမေးပွဲ တွေရှိလို့ဆို "
" ဟုတ်တယ်လေ ဒီလိုပါပဲ စာမေးပွဲနဲ့ ကျောင်းသား တွေနဲ့ဆိုတာ အဆန်းမှ မဟုတ်တာ "
" အံမယ်နော် ကြိးကြိး ကျယ်ကျယ် ပြောလို့ "
" မဟုတ်လို့လား ကျောင်းသားနဲ့ စာမေးပွဲ ဆန်းတာ မှတ်လို့ "
" အေးပါ ထားပါ တော့.."
အရင်လို ပျော်ပျော် ရွင်ရွင် မရှိပဲ ခပ်ငေးငေး ဖြစ်နေတဲ့ အောင်အောင် ကြောင့် နှစ်ဦးသား လိုတာထပ် ပိုပြိး နှုတ်ဆိတ် နေသလိုပါပဲ။
" နင်ဘာဖြစ် နေတာလဲ အောင်အောင် အရင်လိုလဲ မဟုတ်ဘူး စိတ်ညစ်နေတာလား "
မဟုတ်ပါဘူးလို့လည်း မလိမ်ချင်ဘူး ခင်ထားရယ်။ အခုဆို ငါစိတ်ညစ် နေတက်ခဲ့တာ ကြာပေါ့။ ငါကသာ သတိတရနဲ့ နင့်မျက်နှာလေး မြင်ရနိုးနိုးနဲ့ အားတာနဲ့ အပြေးလာရပေမယ့် တစ်ခါတစ်ခါ " ငါအတန်းရှိတယ် ပြန်တော့ "လို့ အဝေးက လာရတဲ့သူကို အားမနာတန်း ပြန်လွတ်တဲ့ နင့်ကြောင့် ငါစိတ်ညစ်တက်နေပြိ။ နင်မသိအောင် တိတ်တဆိတ် လာပြိး နင့်ရဲ့ ပုံရိပ်လေးတွေ ခိုးကြည့်ပြိး ပြန်ခဲ့ရတဲ့ ရက်တွေလဲ အသေအချာ မရေတွက်နိုင် အောင်များပြား ပေမယ့် နင့်ရဲ့ အသိမှတ်ပြု မှုတွေ ရဖို့ မဝံ့မရဲ မျှော်လင့် မိပေမယ့် မထူးခြားရဲ့ နင့်ရဲ့ စိတ်ထဲ ငါနေရာ ယူဖို့ အခွင့်မသာ ခဲ့ဘူးလေ။
" မညစ်ပါဘူး ဒီလိုပါပဲ သြော်ဒါနဲ့ နင် အတန်းဖော် တွေဘာတွေတောင် ရနေပြီနော် ခင်ထား "
" သြော် သက်မောင်မောင် ကိုပြောတာ ထင်တယ် အင်း သူက ရိုးသားတယ် အရမ်းအေးတာလေ ခင်တာ မကြာသေးဘူး "
" အင်း "
" သူက တော်တော်လေးအေးတာဟ စကားပြောရင်းလဲ အေးအေး ဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်လေး ခင်ဖို့လည်း ကောင်းတယ် သူက ငါ့လိုပဲ ဘဝ သမားလေ။ သူနဲ့ဆို စကားတော်တော် များများ ပြောဖြစ်တယ်၊ ပြောလို့လဲ အဆင်ပြေတယ် ၊ စိတ်သဘောထား အေးချမ်းသလို သိမ်သိမ်မွေ့မွေ့လေး မိန်းခလေး ကျနေတာပဲ အဟား.."
သူမဘာသာ ပြောပြိး သူမဘာသာ သဘောကျ ရယ်မော နေတဲ့ ခင်ထားကို ကြည့်ပြိး ကျွန်တော် အသဲနှလုံးတွေ တစ်စစ်စစ် နာကျင်လျှက်။ သူမလို မာန ကြိးကြီး ခပ်ထန်တဲ့ မိန်းမတစ်ယောက် ရဲ့နှုတ်ဖျားမှ ချီုးမွန်းခံရတဲ့ ယောက်ျား တစ်ယောက်ဟာ ဘာလို့ တခြား တစ်ယောက် ဖြစ်နေရ တာလဲလို့ ယူကြုံးမရ ခါးသီးစွာ။
" အင်း "
လို့ တစ်လုံးထည်း သော ထောက်ခံ စကား သဲ့သဲ့ သာပြောနိုင်တဲ့ ကျွန်တော်။ဟိုတစ်နေ့ ကျောင်းမှာ စာမေးပွဲ ပြီးတာနဲ့ အပြေးအလွှား သူမရှိရာ ကျောင်းကို ကူးလာခဲ့တာ။ သူမရဲ့ အားလပ်ချိန် သိနေတာမို့ သူမပျင်း နေမလား ဆိုတဲ့ စိတ်ကူး အတွေးနဲ့ သူမကတော့ ကျွန်တော်ကို မမြင်ပဲ စကားတွေ ဖောင်ဖွဲ့ နေလိုက်တာ။ အရယ် အပြုံး နည်းတဲ့ သူမရဲ့ ပုံစံတွေ ပျက်ယွင်းအောင် စွမ်းဆောင်နိုင်တဲ့ သူက ကိုယ်တိုင် မဖြစ်ခဲ့ရတဲ့ အတွက် ဘယ်သူကိုများ အပြစ်တင် ရမလဲ။ ဟယ်ရီ မပါပဲ တစ်ယောက်ထဲ ရောက်လာ တက်တဲ့ ကျွန်တော်ကိုဆို မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး မလာစေချင်တဲ့ သူမရဲ့ စကားတွေ အောက်မှာ ကျွန်တော် အကြိမ်ကြိမ် ကြေကွဲမိတယ်။
" နောက်ပြိးတော့လေ သူနဲ့ ငါက အကြိုက်ချင်းလဲ ကြံကြံ ဖန်ဖန် တူသေးတယ် သိလား အောင်အောင် "
တစ်ဖက်သားရဲ့ ခံစားချက်ကို မသိကျိုးကျွံပြုပြိး မြန်ရည်ယှက်ရည် ပြောပြ နေတဲ့ သူမရဲ့ မျက်ဝန်းတွေက အရောင်တွေ တစ်လက်လက် နဲ့။ ငါအဲလောက်တောင် ဘာလို့များ နင်ရှေ့မှာ ကျရှူံးခဲ့ရတာလဲ ခင်ထားရယ်။ ပထမဆုံး ရခဲ့တဲ့ နဖူးက ဒဏ်ရာနဲ့ အတူ နင်ပေးခဲ့တဲ့ ရက်စက် ခြင်းတွေက မမျှမတ တစ်ဖက်သတ် ဆန်လွန်းလှပါတယ်။ နင်နဲ့ ပါက်သတ်ပြိး ငါလိမ်ညာ တက်ခဲ့တယ်။ အခုတော့ ဟန်ဆောင်ခြင်း ဆိုတာကိုပါ ကျွမ်းကျင်အောင် သင်ယူရအုံးမယ် ထင်တယ် ခင်ထား။ ငါနဲ့ ပက်သက်လာရင် အမြဲ အရှောင် အတိမ်း ကျွမ်းတဲ့ နင်ရှေ့ ရောက်ရင် ငါက ကျားရှေ့မှောက်လျှက်လဲတဲ့ သူလိုပဲ ရုပ်ပျက် ဆင်းပျက်နဲ့ ငါဟန်ဆောင် မတက်သေးဘူး ခင်ထား။ အကြိမ်ကြီမ် ရှောင်လွဲ နိုင်တဲ့ နင့်ရဲ့ လိမ္မာပါးနပ် မှုအောက်မှာ ငါက ကကြိုးရုပ် သာသာ အဆင့် အနေအထားနဲ့ပါ။ ဘဝမှာ လက်ညိုးညွှန်ရာ ရေအဖြစ် ရှိနေခဲ့တဲ့ ငါ့ဘဝနဲ့ အရာရာ ချို့တဲ့ပြိး မာနကြိးတဲ့ နင့်ဘဝအတွက် ငါက ကြောက်စရာ သတ္တဝါ တစ်ကောင် အဖြစ်နဲ့ ပေါ့လေ။
" နောက်ပြိး ရှိသေး တယ်ဟ .."
" ငါပြန်တော့မယ် ခင်ထား "
ခင်ထားရဲ့ စကားကို ဆက်လက် နားထောင် နိုင်စွမ်း မရှိစွာ ရုတ်ရက် ပြန်ဖို့ နှုတ်ဆက်တော့ မျက်လုံးအပြူးသား နဲ့ သူမက စိုက်ကြည့်လို့။
" သြော် အင်း.."
ထိုမျှသာ စကားပြောလျှက် သူမက ခေါင်းငြိမ့် ရှာတယ်။ အဲဒီလောက် တောင်ပဲ ငါက သဘောထား သေးသိမ်ပါတယ် ခင်ထား။ နင်ရဲ့ နှုတ်က ငါမဟုတ်တဲ့ တခြားတစ်ယောက် ကိုချီးမွန်း ပြောဆိုနေတာကို သည်းခံ နားထောင် ရလောက်အောင် ငါ မရင့်ကျက်နိုင်ဘူး ခင်ထားရယ်။

ခပ်ဖွဖွ ကြွေလွင့်သွားတဲ့
ငါ့ဆန္ဒတွေ အကြောင်း
တစ်စေ့တစ်စောင်း
ရင်ဖွင့်ခွင့်ရမယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့ ရှိုက်သံ
နင်နားထောင်ဖို့ သတ္တိရှိပါ့မလားလို့
အတွေးခေါင်ခေါင်နဲ့
စိုးရိမ်နေမိတယ် .......(အောင်အောင်)

...................။........................

မာနဆိုတဲ့
ခံတပ်သာမရှိရင်
ငါဆိုတဲ့သူ
ပြိုလဲတာ ကြာပြီပေါ့..

တစ်ခါတစ်ရံ
မသိဟန်ဆောင်လိုက်ရပေမယ့်
နားလည်နေတဲ့
ဘာသာမဲ့အကြည့်တွေကို
လစ်လျှူရှုခဲ့ရတာ
ထင်သလောက် မလွယ်တာ
နင်တစ်ယောက် သိမယ်မထင်ပါဘူး...

အခြေနေမတူ ဘဝခြား
ညှိမရတဲ့ ကာရံတွေအတွက်
အပြစ်တင်လို့ ရကြေးဆို ကံကြမ္မာလည်း
လူတကာရဲ့ တံထွေးခွက်က ထနိုင်မယ် မထင်ဘူးလေ..

နာကျင်တိုင်းသာ
ရိုးမယ်ဖွဲ့ အပြစ်ဖို့လို့
ခပ်တိုးတိုး ကျမ်းကျိမ်မိတိုင်း
နင်နဲ့ မဆုံစည်းဖို့
တိတ်တခိုး ဆုတောင်းနေခဲ့ရတာ
လက်တွေ့ဘဝမှာ " အချစ်က ခါးတယ် "
ဆိုတဲ့အဖြေ သင်္ချာတွက်သလို
သေချာနေခဲ့တယ်လေ.....

( ခင်ထား )
.............................။.......................
ကျောင်းပိတ်ရက်မို့ အိမ်အလုပ်ကူလုပ်ရင်း ညနေစောင်းဆို ပြန်လာနေကြ အဖေရဲ့ လာရာလမ်းကို မျှော်ပြီး အဆင်သင့် ပြင်ထားခဲ့တဲ့ ထမင်းဝိုင်းလေးအတွက် ကိုယ်တိုင် ကြည်နူးနေခဲ့တာ။ အဖေကြိုက်တဲ့ ဝက်သားနဲ့ ပုန်းရည်ကြိးဟင်းနဲ့ ချဉ်ပေါင် ဟင်းချိုနဲ့ဆို ခေါင်းမဖော် တမ်းလွေးတက်တဲ့ အဖေအကြောင်း သိနေတာမို့ အဆင်သင့် ကြိုတင် ပြင်ထားရင်း ကိုယ်ဘာသာကိုယ် သဘောတကျ ရှိနေခဲ့တာ။ သားအဖ နှစ်ယောက်ထဲမို့ ကြုံသလို စားဖြစ်ပေမယ့် တစ်ခါတစ်ရံ အဖေကလည်း သမီးကြိုက်တက် တာလေးတွေ တစ်လှည့်ဝင်ချက် ပေးတာမျိုးနဲ့ ဘဝ အမောတွေကြားရ ပီတိလေးတွေနဲ့ ကြမ်းတမ်းတဲ့ လမ်းဖြတ်သန်းကြရပေမယ့် သားအဖနှစ်ယောက် အတွက်တော့ ခွန်အား အပြည့်ပါပဲ။
ဘယ်လောက်ပဲ အခက်ခဲတွေ ရှိရှိ အဖေရဲ့မျက်နှာမှာ ငြိုးငယ်ရိပ်တွေ ရှာရခက်ပါတယ်။ အဖေတစ်ခု သမီးတစ်ခု ရယ်ပေမယ့် နှစ်ယောက် စလုံးသာ အိမ်မှာရှိရင် အစအနှောက်တွေနဲ့ ကြည်နူးစရာ အတိ။ ပျော်ပျော်နေတက်တဲ့ အဖေကြောင့် တစ်ချို့လူ တွေကဆို သမီးအရင်း မဟုတ်ဘူးရယ် လို့တောင် မှတ်ချက်ပေးရတဲ့ အထိ။ မာနတစ်ခွဲသားနဲ့ အနေတည်တဲ့ သမီးမို့ ငယ်ငယ်ကဆို ကောက်ရတာ။ မွေးစားသမီးရယ်လို့ မကြာခဏ အစခံရတက်တဲ့သူ။ အဲလိုအခါမျိုးမှာ အပြုံးတွေ ဝေနေတဲ့ အဖေက " သူ့အမေနဲ့တူတာလေ " လို့ဂုဏ်ယူ ဝံ့ကြွားမှု အပြည့်နဲ့ ပြန်ပြော တက်တယ်လေ။ သမီးနဲ့ ပါက်သက်ရင် အမြဲဦးစားပေးတဲ့ အဖေအတွက်ရယ်လို့ ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းကို ကြည့်ပြီး တစ်ယောက်ထည်း ပီတိတွေနဲ့ ဝေလို့။ အတွေးတွေထဲမှာတောင် ပြုံးနေမယ့် အဖေပုံရိပ်တွေ အတွက် ကျေနပ်ပီတိတွေနဲ့။
" ခင်ထားရေ ခင်ထား "
အော်သံနဲ့ အတူ ပြေးဝင်လာတဲ့ ခင်ထားတို့ လမ်းထိပ်က ကိုမောင်မောင်။
" ခင်ထားရှိတယ် ကိုမောင်မောင် ဒီမှာ "
" ဒီမှာ လုပ်မနေနဲ့ ခင်ထား အခုဆေးရုံ အမြန်လိုက်ခဲ့ နင့်အဖေ ကားတိုက်ခံရလို့ အခုဆေးရုံကို သွားနေပြီ ငါနင့်ကို ခေါ်ပြိး လိုက်ခဲ့ဖို့ လာခေါ်တာ ခုသွားမယ် လာ"
ရုတ်တရက် ကြားရတဲ့ သတင်းကြောင့် အသက်ရှူတောင် မဝသလို။
" ကိုမောင် အဖေ... အဖေ စိုးရိမ်ရလားဟင် အဖေ ဘာဖြစ်သွားသေးလဲဟင် .."
" ငါလည်း သေချာမသိဘူးလေ ဆေးရုံရောက်မှ သိရမှာပေါ့ လာသွားမယ် မြန်မြန် "
" ကိုမောင် အဖေကို သေချာမမြင် လိုက်ဘူးလား အဲလိုလား အဖေဆိုတာရော သေချာလို့လား "
"သြော် ငါ့နှယ် ခက်ပါတယ် ခင်ထားရယ် မဟုတ်ပဲနဲ့ နင့်ကိုလာပြော ရမလားဟ နင့်အဖေမှ နင့်အဖေ အစစ် ကားလမ်းကူးတဲ့ ကလေးတစ်ယောက်ကို ကယ်ရင်း ဖြစ်သွားတာ ဟာ.... ဘာလုပ်နေတာလဲ အဲဒါတွေ ထားခဲ့ မြန်မြန် သွားပါမယ်ဆို "
စိတ်မရှည်စွာ ပြောနေတဲ့ ကိုမောင်မောင်ကြောင့် ယောက်ယှက် ခက်နေတဲ့ စိတ်တွေနဲ့ အပြေးအလွား ဘုရားတလို့ အဖေ ဘေးရန် ကင်းပါစေလို့ ဆုတောင်းရင်း အသိစိတ်တွေက ဂယောင် ချောက်ချားနှင့်။ တစ်လမ်းလုံး အဖေ ဘေးမသီ ရန်မခ အသက်အန္တရယ်မှ လွတ်မြောက် ပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေမိခဲ့ ပေမယ့် ဆေးရုံ အရောက် ပိတ်ဖြူ အုပ်လျှက် သမီးအလာကို စောင့်မျှော်နေခဲ့တဲ့ အဖေကြောင့် ခင်ထား တစ်ယောက် နေရာတွင် မေ့မျှောသွားခဲ့ ရသည်။
................။................
တစ်ခါတစ်ရံ ကံတရားက မမျှော်မှန်း ထားသလို လှည့်စားတက် တဲ့အခါ တစ်ကယ်တမ်း ခံနိုင်ရည် ရှိဖို့ မလွယ်ကူမှန်း ကိုယ်တိုင် ကြုံမှ ယုံဖူးကြ လိမ့်မယ် ထင်ပါတယ်။ ပညာရေး တစ်ဝက် တပျက်နဲ့ ဘဝရဲ့ တိုက်ခတ်မှုက တစ်ဆိတ်လောက် ပြင်းထန်လွန်း ပါတယ်။ အဖေတစ်ခု သမီးတစ်ခု ဘဝမှာ အဖေခေါ်စရာ မရှိတော့တဲ့ ဘဝ။ ခါးသီးတဲ့ ဘဝရဲ့ ရီုက်ခတ် မှုကြောင့် အရယ်အပြုံးတွေ ပျောက်ဆုံးခဲ့ ရတယ်ဆိုရင် မှန်တယ်လို့ ပြောနိုင်ပါတယ်။ ဆွေမျိုး မကင်းနဲ့ အဒေါ် တစ်ယောက်က အဖေါ်လာနေပြိး လက်တွေ ဘဝထဲ ခြေစုံ ပစ်ဝင်ခဲ့ရတာ။ Day ကနေ အဝေးသင် ပြောင်း အဖေရဲ့ လက်ရှိ အထည် ဆိုင်လေးကို ကိုယ်တိုင် ဝင်လုပ်ပြီး ကျောင်း တစ်ဖက်နဲ့ ဘဝ ဝမ်းရေး အတွက် ကြိုးစားနေ ရပြီ ဖြစ်တဲ့ ခင်ထား တစ်ယောက် အတွက် တစ်ကယ့် စိန်ခေါ် ပွဲ စစ်စစ် တစ်ခုပေါ့။
" ခင်ထား "
" ဘာလဲ အောင်အောင် "
" ငါ... "
ပြော မဲ့စကား တွေက နုတ်ကမထွက် နိုင်စွာ လည်ချောင်း ဝမှာဆို့နင့် နေလျှက်။
" ဟယ်ရီ ရောက်သေးလား နင့်ဆီ "
ရည်ရွယ်တဲ့ စကားနဲ့ ထွက်သွားတဲ့ စကားက တစ်ကယ့်ကို တစ်ခြားဆီ။
" အင်း ရောက်တယ် မနေ့ ညနေက လေ ဘာဖြစ်လို့လဲ အောင်အောင် "
" ငါနဲ့ မတွေ့ဖြစ်လို့ မေးကြည့်တာပါ "
" အင်း "
" နင်ဘာလို့ ဟယ်ရီ မိဘတွေက ကျောင်းထား ပေးမယ်ဆိုတာကို ဘာကိစ္စငြင်းလိုက်ရ တာလဲ "
" ငြင်းရမဲ့ ကိစ္စမို့ ငြင်းလိုက်တာလေ ငါ့အတွက်နဲ့ ဘယ်သူမှ ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ဘူး ကျေးဇူး ဆိုတာကြိးနဲ့လည်း ငါတစ်သက်လုံး ဘဝ အဆုံးမခံနိုင်ဘူး ငါလက်တွေ ငါ့ခြေထောက်တွေ အကောင်းကြိးလေ ဒီလောက်နဲ့ ငါမလဲ ကျနိုင်ပါဘူး နင်အဲဒါဆို ဟယ်ရီနဲ့ မဆုံဖြစ်ဘူးပေါ့ ဒီတစ်ပတ် "
" အင်း "
" သြော် အင်းပါ..အဲဒါဆို နင်မသိသေးဘူးပေါ့ "
" ဟင် ဘာလဲ ဘာကို သိရမှာလဲ.."
" ငါ စကောလားရှစ် လျှောက်တာ ရပြီ "
" ဟင် တစ်ကယ် အဲဒါဆို နင်နိုင်ငံခြားမှာ ကျောင်းသွား တက်ရမှာပေါ့ "
" အင်းဟုတ်တယ် အဲဒီအတွက် ပြင်ဆင် စရာရှိတာ ငါပြင်ဆင်နေပြီ ဒီဆိုင်လေးက အဖေတစ်သက်လုံး ငါ့အတွက် ကြိုးစားခဲ့ သလို ဒီဆိုင်လေးမှာ အဖေရဲ့ အငွေ့အသက်တွေ ရှိနေသလို ခံစားနေရလို့ မပိတ်ရက်ဘူး အိမ်နဲ့ ခြံလည်း ဒီအတိုင်းပဲ ဘာမှ မလုပ်ရက် မကိုင်ရက်နဲ့ ဒါလေးတွေကို မစွန့်လွတ်ပဲ ပညာသင် သွားရမှာကိုပဲ စွန့်လွတ်ရမလား လို့တွေးနေ ပြန်တယ် အခုလောလောဆယ် ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ကံဆိုးခြင်းလား ကံကောင်းခြင်းလား မသိပေမယ့် ငါဒီအခွင့်ရေး ကို လက်မလွတ် နိုင်ဘူးဟာ.."
" ပညာရေး မို့မတားစီး ကောင်းပေမယ့် နင်ကို စိတ်ပူတယ် ခင်ထား "
" ငါနားလည် ပါတယ် မတက်နိုင်ဘူးလေ ဒီလိုပဲ ပေါ့ဘဝက ဒီလိုဖြစ် အောင်ဖန်လာမှပဲဟာ ဘာတက်နိုင်မှာလဲ ငါအတွက် လမ်းစ တစ်ခု ပွင့်လာတယ်လို့ ပြောရမလား မသိဘူးလေ။"
" အင်းပါ ဘာလဲ လုပ်လုပ် ယုံကြည့်မှု အပြည့်နဲ့ လုပ်တဲ့နင့်ဆီကို အောင်မြင်မှုတွေ ရလာမှာပါ။ ငါယုံကြည်နေတယ် နင်မျှော်မှန်း တဲကအနာဂတ် လှလှ တစ်ခုကို နင်စိတ်ကြိုက် ဖန်တီးနိုင်မယ် ဆိုတာကိုပေါ့ "
" အင်း ကျေးဇူးအောင်အောင် ငါလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစား မယ်လေ "
" အင်းအင်း အဲဒါဆို နင်အိမ်ပြန်မှာ မလား ငါလိုက်ပို့ မယ်နော် ဒီနေ့ "
" ဟင့်အင်း မပို့တဲ့ ဒေါ်လေးမြ လာကြိုမှာလေ "
" သြော် အင်းပါ အဲဒါဆို ငါပြန်တော့မယ် ခင်ထား "
" အင်း အောင်အောင် "
နှုတ်ဆက်ပြိး ကျောခိုင်းခဲ့ ပေမယ့် စိတ်နဲ့ ကိုယ်နဲ့ မကပ်။ အကြိမ်ကြိမ် ပြင်ဆင်တိုင်း အလွဲလွဲတွေနဲ့ ကြုံရဖို့ ဖြစ်လာတဲ့ ကံကိုပဲ ရိုးမယ်ဖွဲ့ ပုံချရမလား။ သူမလိုနေရာမျိုး ယောက်ျားသား တစ်ယောက်ဖြစ်တဲ့ ကိုယ်သာ ကြုံရရင်တောင် သူမလောက် ခံနိုင်ရည် ရှီပါ့မလား မသေချာပေမယ့် သူမကတော့ လူတိုင်း အံ့သြရလောက်အောင် စွမ်းဆောင်ရည် ထူးတဲ့ မိန်းခလေး တစ်ယောက် အဖြစ်နဲ့ လုပ်ဆောင်ပြနိုင်တာ အံ့မခန်းပါပဲ။ ချစ်တယ် ဆိုတဲ့ စကားထပ် သူမနဲ့ သင့်တော်ပြိး အကူညီ ဖြစ်စေမယ့် စကားမျိုး ပြောနိုင်တဲ့ အင်အား ကျွန်တော်မှာ မရှိခဲ့ဘူး။ ကိုယ်ဘဝကို မပိုင်သေးတဲ့ အချိန်မှာ သူမဆီက တုန့်ပြန် မှုတွေက ကိုယ့်အတွက် ခါးသီးစေမဲ့ အပြောတွေထပ် စာရင် နှုတ်ဆိတ် နေလိုက်ခြင်းက သူမအတွက်ရော ကျွန်တော်ရဲ့ လက်ကျန် ကိုယ်ကျင့်တရားနဲ့ သိက္ခာတွေ နည်းနည်းတော့ ကျန်ရစ်မယ် ထင်ပါတယ်။ မဟုတ်ရင် သူမရဲ့ စကားလုံးတွေ အောက်မှာ ကျွန်နော်ဘဝ စုတ်ပြတ်မသွားဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ ဖွင့်ဟ ပြောဆိုခြင်းထပ် နှုတ်ဆိတ်နေခြင်းဟာ အဆပေါင်းများစွာ တန်ဖိုးရှိမယ် ဆိုရင် ငါ့ရင်ထဲက မေတ္တာတွေကြောင့် နင့်ဘဝ အေးချမ်းမှုတွေနဲ့ ထာဝရ လွမ်းခြုံ နိုင်ပါစေလို့ ငါဆုတောင်း နေပါ့မယ် ခင်ထား။

တည်ငြိမ်နေတဲ့
ပင်လယ်ပြာရယ်
လေအလာမှာ လှုပ်ခတ်ရတဲ့
လှိုင်းကြောင့် ...
လွမ်းတတ်တဲ့ကမ်းပါးမှာ ဒဏ်ရာတွေနဲ့ပေါ့......

ဘ၀ဆိုတာရယ်
လှိုင်းလား ....ကမ်းပါးလား...
မသေချာ ပေမယ့်
များပြားတဲ့ ရသတွေနဲ့
ငါရှင်သန်နေဆဲပါ.....

မနေ့က " ငါ "
ဒီနေ့ " ငါ " နဲ့
ထွက်သက်တို့ ဆုံးသည့်တိုင် " ငါ " ဆိုတာ
နင့် တစ်ယောက်ထဲ အတွက်ပါ...ဟာ။
.................။..............
ခပ်ပြင်းပြင်း တိုင်ခတ်လာတဲ့ လေနုအေးတွေကို အရသာခံ ပြိးပတ်ဝန်းကျင်မှာ တစ်ဝိုက်က ရူခင်းစိမ်း လေးတွေကို ကြည့်ရင်း ကျွန်မ စိတ်တွေ နည်းနည်းများ သက်သာရာ ရလာနိုးနဲ့ လေကို တစ်ဝကြိး ရူသွင်းလိုက်ကာ သက်ပျင်းမော ချလိုက်မိတယ်။ မကြာခဏ ရောက်လာတက်တဲ့ ကန်ရေပြင်နဲ့ ရူခင်းစိမ်းစိမ်း လေးတွေက ကျွန်မရဲ့ သက်ပြင်းတွေကို နားလည်သည့်အလား ။ ခပ်ဆိုးဆိုး ပေတေတေနဲ့ လုပ်ချင်တာ တစ်ဇွတ်ထိုး လုပ်တက်တဲ့ ဥာဉ်ဆိုးလေး တစ်ခုကလည်း မွေးကထည်းက အဖော်ပါ လာခဲ့တော့ လုပ်ချင်တာ ရှိရင်လုပ် ပစ်လိုက်ရမှ ကျေနပ်သူ။ ဖြစ်ပြိးလို့ မှားသွားရင်လဲ ဝန်ခံဖို့ အသင့်ဖြစ်နေခဲ့တာ။

ငယ်ပေါင်းတွေမို့ နှောကြေနေတဲ့ အပြစ်တင်သံ တစ်ခုက အခုလို ဝေးကွာနေသည့် တိုင်အောင် အနားမှာ ကပ်ပြော လိုက်သလို ပါပဲ။ ကြားယောင်နေဆဲ။ လွမ်းမော တမ်းတ နေမိဆဲ။ နှလုံးသားသွေး တွေတစ်စက်စက် ကျအောင် ပြုလုပ်ခဲ့တဲ့ တရားခံကလည်း ကိုယ်ကိုတိုင် ဆိုတော့ နောင်တတော့ မရနေပေမယ့် ငါနင့်ကို အခုထိ လွမ်းနေဆဲ ဆိုတာ အသေချာပါပဲ အောင်။အနေဝေးရင် လွမ်းတယ်ဆိုတဲ့ စကားလုံးတွေက ဝေးနေသူတွေရဲ့ နှလုံးသွေးက စီးဆင်းလာလို့ ထင်ပါရဲ့ အောင်အောင် နင့်ကို ပိုလို့ လွမ်းမိတယ်။

စတွေ့ ကထဲက သည်းခံမှုတွေနဲ့ စခဲ့လို့များ မညှာမတာ ရက်စက် နိုင်ခဲ့တာလား မသေချာပေမယ့် အချိန် တိုင်းပဲ သတိရနေခဲ့တာတော့ အခွင့်ကြုံခဲ့ရင် ဝန်ခံချင်ပါတယ်။ အခက်ခဲတွေ လောကတိုက်ပွဲမှာ မာနဆိုတာကို ခံတပ် အဖြစ် သုံးရတဲ့ ငါ့ဘဝက စိတ်ကူးယဉ်စရာတွေကို မေ့ထားပြိး ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ရတဲ့ အခါ ပုံမှန်ထပ် ရက်စက်ရာ ကျကောင်း ကျနေပေမယ့် အဲလိုရက်စက် ရတဲ့အခါ သူရဲ့ နှလုံးသွေးတွေက ပြန်လည် စီးကျတဲ့ သွေးစိမ်း ရှင်ရှင် တွေကိုတော့ သူမဟုတ်တဲ့ တစ်ခြား တစ်ယောက် နားလည်ဖို့ဆိုတာ မလွယ်ပါဘူးအောင်။

တစ်ခါတစ်လေ အလွမ်းတွေ နှိပ်စက်လို့ အဝေးဆုံး ပြေးထွက်ချင်ခဲ့ ပေမယ့် တစ်ခါတစ်လေလည်း အလွမ်းတွေနဲ့ ကြေနပ်နေမိ ပြန်တဲ့ စိတ်ကြောင့် အလွမ်းတွေနဲ့ နေရတာ အသားတကျ ရှိနေပြန်တယ်။ လွမ်းပြိးရင်း လွမ်းနေရုံနဲ့တင် တစ်စုံတစ်ခု လွမ်းခြုံ ထားသလို လုံခြုံမှု ရှိနေခဲ့တာ စိတ်ရဲ့ စွမ်းအား တစ်ခုကြောင့် များလားလို့ တွေးနေမိရင်း နင်ရော ငါ့လိုပဲ လွမ်းနေမှာလား လို့မမျှော်လင့် ရဲ မျှော်လင့်ရဲ နဲ့ တောင့်တ နေမိပြန်တယ်အောင်။
................။..........
ဘဝထဲက ခြေရာ မဖျောက်ပဲ ပျောက်သွားခဲ့တဲ့ ခင်ထားရေ။ ရာသီ စက်ဝန်း လည်နေပေမယ့် ရင်ထဲက အလွမ်းတွေက ခုထိ မတည်ငြိမ် နိုင်သေးဘူး ဆိုတာ နင်သိရင် ဟိုးအရင် ကလိုများ အပြစ်စောမလား ဝေဖန်နေအုံး မလားလို့ အမှတ်မရှိ မျှော်လင့်နေ မိတယ်။ ပြန်ဆုံဖို့ သိပ်ပြင်းပြရင် တစ်နေ့နေ့ ဆုံကြလိမ့်မယ်လို့ စိတ်ရဲ့ စွမ်းအား စာထဲကလို ကလေးဆန်ဆန် မျှော်လင့်နေမိတာ ကိုများ နင်သိရင် ရူးနေတယ်လို့ များအပြစ်ဆိုလေမလား။ မတက်နိုင်ဘူး ခင်ထားရေ အလွမ်းတွေက ရာသီပြောင်း နှစ်တွေဟောင်း နေလဲ နေရာယူလို့ စွန့်ခွာမပြေး နိုင်လေတော့ လွမ်းပြီးရင်း လွမ်းနေရတာ မဆန်းတော့လည်း မဆန်းပါဘူး။

ဘယ်ရပ် ဌာနေမှာ ရွက်ကျရာ ပင်ပေါက်တဲ့ ရွက်ကျပင် ပေါက်လိုများ နင်ပျော် နေပြိးလားလို့ စိုးရိမ်စိတ်နဲ့ မျှော်နေမိတယ်။ နင်မျှော်မှန်းတဲ့ အနာဂတ် ပန်းတိုင်ဆီ ရောက်ဖို့ အရာအားလုံး မေ့ထားရတယ် ဆိုရင်တောင် နင့်ကိုလဲ ငါ့အတိုင်း ခပ်ပါးပါးလေး လွမ်းနေပါစေလို့ တိတ်တခိုး ဆုတောင်းနေမိတယ်။ နင့်ရဲ့ အချစ်ဆုံး ဟယ်ရီတောင် အိမ်ထောင်ကျလို့ ကလေးတွေနဲ့ အလုပ်တွေ ရှုပ်နေတာ မြင်ရင် နင်ကိုပါ ယောင်လို့ မျက်လုံးထဲ မြင်ပြီး အဲလိုတွေ ကြောင့်များ ငါ့နဲ့ ဟယ်ရီကို မေ့နေပြီ လားလို့ အတွေးနဲ့တောင် ကြေကွဲနေမိတယ်။ ဟယ်ရီနဲ့ ဆုံတိုင်း ငယ်ငယ်က စကားများ ကြတဲ့ ငါတို့ အကြောင်းတွေ ပြန်လည် ပြောပြရင်း အတိတ်တွေဖော် ပြိး အဟောင်းထဲက ခြေရာ လေးတွေ ကောက်ရင်း နင့်ကို မျှော်နေ မိကြတယ်လေ။

စရိုက်မတူ အသွင်ခြားနဲ့ ငါ့တို့တွေရဲ့ ရင်ထဲမှာ တူညီတဲ့ နှလုံးသားတွေ ရင်ခုန်သံ စည်းချက်တွေ လှုပ်ရှား ယိမ်းထိုးခဲ့ ကြဖူးတာ အိမ်မက်မှ မဟုတ်တာပဲ ခင်ထားတယ်။ ငါ့အဖြစ်က နဖူးက ဒဏ်ရာကို စမ်းမိတိုင်း ဘုရားလောင်း မဟော်သဓာကို အမှတ်ရ နေတဲ့ ကေ၀ဋ်ပုဏ္ဏား လိုပဲ။ နင်ပေးခဲ့တဲ့ အမှတ်တရ နဖူးစောင်းက ဒဏ်ရာလေးကို စမ်းမိတိုင်း နှလုံးသွေးတွေ နွေးနေအောင်ပဲ လွမ်းရတယ် ခင်ထား။ နင်ရောင်းခဲ့တဲ့ နင်ရဲ့ ခြံဝိုင်းလေးကို တစ်ဆင့် ပြန်ဝယ်ပြီး နင့်ကို သတိရတိုင်း နင့်ရဲ့ အရိပ်တွေ ပြည့်နေတဲ့ အိမ်လေးမှာ တစ်ယောက်ထဲ ညတွေ ကုန်ဆုံးစေ ခဲ့ရလာက်အောင် ရူးရူးမူးမူး စွဲလမ်း နေခဲ့တာပါ။ ယုံကြည်နေတယ် တစ်နေ့နေ့ တစ်ချိန်ချိန် နင်ဒီ ခြံဝန်းလေးဆီ အရောက်ပြန်ခဲ့မယ် ဆိုတဲ့ ယုံကြည် မှုတွေနဲ့ ငါစောင့် ကြိုနေခဲ့တာလေ။ အကြွင်းမဲ့ ယုံကြည် နေခဲ့တဲ့ နင့်ရဲ့ အိမ်ပြန်ရက်တွေကို နှလုံးသွေး ရပ်မတက် ခြောက်ခြားစွာ စောင့်မျှော်နေတဲ့ လူတစ်ယောက်ရဲ့ ထွက်သက်တွေ မရပ်တန့်ခင် အမြန်ဆုံး ပြန်လာခဲ့ပါလား ခင်ထားရယ်..။
.................။...............
အမိမြေကို ခြေချခွင့် ရပြီဆိုတာနဲ့ ပထမဆုံး သတိရမိတာက အဖေနဲ့ နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့တဲ့ အိမ်လေး။ တစ်လှပ်လှပ်နဲ့ ခုန်နေတဲ့ အသိနဲ့ နှစ်တွေ ကြာပြီ ဆိုတော့ လမ်းထဲ ဝင်လိုက် ကထည်းက တစ်ချို့တွေ အိမ်ကြိး အိမ်ကောင်း တွေဖြစ်လို့။ အရင်လို လူဟောင်းတွေလဲ မရှိတော့ သယောင်ယာင်။ ရင်ခုန်လွန်းစွာ မျက်ရည် စက်လက်ကျလျှက် ရောင်းချခဲ့ရတဲ့ ဇာတိ ချက်ကြွေ အိမ်ရာကွက်လေး။
အသက်ရူရပ်မတက် နှလုံးသွေးတွေ တစ်ဒိတ်ဒိတ် ခုန်လျှက် ခြေလှမ်းတိုင်းမှာ စိတ်လှုပ်ရှားမှု ကြောင့်တုန်ရီ နေလျှက်။ တစ်၊ နှစ်၊ သုံးလေး တိုးတိုးလေး ရေရွတ်နေရင်း အိမ်ရှေ့ကို အရောက် မှန်းလျှက် မျက်လုံး ဖွင့်ကြည့်မိတော့ အိမ်လေးက ပကတိ အဖေနဲ့ သူမတို့ ရှိနေစဉ် ကပုံစံ အတိုင်း မပျက်မယွင်း တည်ရှိလျှက်။ ခြံစည်းရိုး အစိမ်းရောင် လေးက မကြာသေးခင်ကမှ ပြန်လည် ပြင်ဆင် ထားပုံပါပဲ။ ဆေးရောင်တွေ စိုလက်နေပုံ မို့ သပ်သပ် ရပ်ရပ်လေးနဲ့ ဟိုးယခင် အတိုင်း နွေးထွေးမှုတွေ ရှိနေ သလိုပါပဲ။
အသာပဲ ခြံစည်း ရိုးနား ကပ်လို့ တံခါးကို ကြည့်တော့ သော့မခတ်ပဲ စေ့ထားရုံမျှသာ တံခါးက ပွင့်လျှက် အနေ အထား။ လူရိပ် ရှိလို့ရှိငြား လှမ်းကြည့် ပေမယ့် မတွေ့။ ပွင့်နေသော တံခါးအတိုင်း အိမ်ထဲသို့ အသာလေး လှမ်းဝင်နေရင်း အဆမတန် ခုန်နေတဲ့ ရင်ခုန်သံကြောင့် ကိုယ်ကိုကိုယ် အသာထိန်းရင်း ဟိုးကခင် သူမထား ပစ်ခဲ့စဉ် အတိုင်းပဲ မပြောင်းမလဲ တည်ရှိနေတဲ့ အိမ်လေးမှ ပိုင်ရှင်ကို စိတ်ထဲမှ ကြိတ်ပြိး ကျေးဇူး တင်နေမိတယ်။ ဘယ်လောက် ဈေးတင်တင် ပြန်ဝယ် မယ်ဆိုတဲ့ စိတ်ကူးက ခိုင်သထပ် ခိုင်မာ လာလျှက်။
" အိမ်ရှင် တို့ "
လို့ ခေါ်ပေမယ့် တုန့်ပြန်သံ မကြားရ။ နောက်ထပ် အသံမြင့်ပြိး ခေါ် ဖို့အားယူ လိုက်ရင်း ပါးစပ် ဟလျှက်သား အနောက်ဘက် အိမ်ခြေရင်းဘက် မှထွက်လာတဲ့ လူရိပ်ကြောင့်
" ဟင် အောင်အောင် "
" ဟာ ခင်ထား "
နှစ်ဦး စလုံးအံ့အား သင့်စွာ ကိုယ်စီ နှုတ်မှ ပြိုင်တူ ခေါ် မိကြရင်း။ အတိုင်းအဆ မရှိ ခုန်နေတဲ့ ရင်ခုန်သံတွေ ဝုန်းတိုင်း ကြဲလျှက်မှ နှစ်ဦးသား နှုတ် ဆိတ်လျှက်။ ပြောဖို့ရန် စကားလုံး ရှာဖွေရင်း ရုတ်တရက်မို့ စကားလုံးတွေ ဆွံအ ပျောက်ရှ ရလောက်အောင် လက်တစ်ကမ်း အကွာမှာ နှစ်ယောက်သား တိတ်ဆိတ်လျှက်။ တိတ်ဆိတ် မှုကို စတင်ဖြိုခွင်းသူက ကျွန်တော်ရဲ့ သူရဲကောင်းမလေး ပါပဲ။
" အောင် နင်ဒီကို ဘာလာလုပ် "
" ဒါ ငါဝယ်ထားတာလေ ခင်ထား ကြာပြီ ပြန်ဝယ် ထားတာ လေးနှစ်တောင် ပြည့်တော့မယ် နောက်လဆို ငါ့လက်ထဲ ရောက်နေတာ လေးနှစ် ပြည့်ပြီလေ ခင်ထား "
" သြော် "
" နင် အိမ်ကို လာကြည့် တာပေါ့လေ ဟုတ်လား "
" အင်း "
သူမက အင်း တစ်လုံး ထည်းသာ ပြောပြိး နှုတ်ဆိတ်လို့ နေတယ်။ ကျွန်တော်ရင်ထဲမှာ သူမကို မေးစရာ စကားတွေက အစီအရီ ပြွတ်သိပ်နေလျှက်။ သူမကတော့ အံ့သြလို့လား ရုတ်တရက် ကျွန်တော်ကို မြင်လိုက်ရ လို့လား မသိ ခဏတော့ ငြိမ်သက် ချစ်ခြင်း၊မုန်းခြင်းကင်းသောဥပေက္ခာတရားဖြင့်ရပ်တည်နိုင်သောသူဖြစ်ရပါလို့၏ဘုရားသွားလျှက်။ သူမရဲ့ ငြိမ်သက် ခြင်းတွေကို ကြည့်ပြိး ကျွန်တော် သွေးပျက်လာတယ်။ ထိတ်ခနဲ စိုးရိမ် လာတဲ့ စိတ်နဲ့ စိုးရိမ် တစ်ကြိး ခြောက်ခြားစွာနဲ့။
" ငါ ... "
ကာလတွေသာ ပြောင်းလာတယ် ဟိုးအရင်က အတိုင်းပဲ နှုတ်မရဲ ဖြစ်နေတဲ့ အောင်ကို ကြည်ရင်း ကျွန်မ ရင်တွေ ခုန်လျှက် သေချာပြီ ကျွန်မ လွမ်းသလို သူလဲ လွမ်းနေတယ် ဆိုတာ ကျွန်မ တက်အပ် သိတာပေါ့။ ပါးစပ်ဟ ရုံနဲ့ သူ့ဗိုက်ထဲက အူအခွေလိုက် မြင်ရသလို ကျွန်မရှေ့ ရောက်ရင် အယောင်ယောင် အမှားမှား ဖြစ်နေတက်တဲ့ ကျွန်မရင်ထဲက အောင်က မပြောင်းမလဲ ဒီအတိုင်းပဲ ရှိနေသေးတဲ့ အတွက် ခုန်လာတဲ့ ရင်ခုန် သံတွေကို မသိကျိုးကျွံပြုရင်း
" အောင် ငါတို့ တစ်နေရာရာမှာ တစ်ခုခု သွားစားရင် စကားပြော ကြမယ် ပြိးရင် ဟယ်ရီဆီ ငါ့ကို လိုက်ပို့ပေး သြော် ပြိးတော့ ငါ ဒီအိမ်လေးကို ပြန်ဝယ်ချင်တယ် ပြန်ရောင်းဟာ.. ဈေးစကားတော့ ပြောရမယ့် သူတွေမှ မဟုတ်တာ မဟုတ်ဘူးလား ပြီးတော့ တစ်ကယ် အရမ်းကျေးဇူး တင်တယ် ငါ့ရဲ့ အမှတ်တရတွေ အများကြိး ရှိနေတဲ့ ဒီအိမ်လေး နင့်လက်ထဲမှာ ပုံစံ မပျက် ရှိနေသေးတဲ့ အတွက် ပြောမပြတက်အောင် ကျေးဇူးတင်တယ်။"
အဲဒါနဲ့ ထပ်တူ မပျက်မယွင်းနဲ့ နင့်အတွက် အသစ်စက်စက် နှလုံးသား တစ်စုံလဲ ဒီအတိုင်းပဲ ရှိနေသေးတယ် ဆိုတာကိုတော့ စိတ်ထဲမှာပဲ ထားလိုက်ပြိး အောင်ကို ပြုံးပြတော့ ပဟေဠိများစွာနဲ့ အောင်က စူးစိုက် ကြည့်လို့။ အောင်ရဲ့ အကြည့်တွေကို မသိကျိုးကျွံ ပြုရင်း လှည့်ထွက် ဖို့ ပြင်တော့
" နေအုံး ခင်ထား "
အပြောနဲ့ အတူ ခင်ထားရဲ့လက်ကို လှမ်းဆွဲလိုက်တဲ့ အောင်။
" ဘာလဲ အောင်"
" ငါ ဒီအချိန် ဘာကို အသိချင်ဆုံး ဖြစ်မလဲဆိုတာ နင်သိတယ် မလား အဲဒါအရင် ပြောပြ "
" ဘာလဲ အောင်အောင် ငါက ဘာသိရမှာလဲ နင်ကရော ဘာသိချင်တာလဲ "
" နင်မညစ်နဲ့နော် ခင်ထား "
" ငါက ဘာညစ်ရမှာလဲ "
" အဲဒါဆို ငါကို နင်အလျှော်ပေးရမယ် အဲဒီအလျှော်ပေးရင် ငါဒီအိမ် နင့်ကို ပြန်ရောင်းမယ် မဟုတ်ရင်တော့ နင်ဘယ်တော့မှ ပြန်ရဖို့ မမျှော်လင့်နဲ့ "
" နေပါအုံး ငါက ဘာကြွေးယူထားလို့ ဘာကို အလျှော်ပေးရမှာလဲ အောင် "
" ဒီမှာလေ အနီစ်နီစ် အလလက ရာဇဝင်တင်နေတဲ့ အကြွေးလေ "
အောင်အောင်က ပြောလည်းပြော လက်ကလည်း သူရဲ့ နဖူးဇောင်းမှ အမာရွတ်လေး ကို လက်ညိုးထိုးပြကာ မေးဆတ် ပြနေပုံက တစ်ကယ့် အပြစ်ကင်းတဲ့ ကလေး တစ်ယောက်ရဲ့ အမူအယာတွေနဲ့။
" နင်အခုထိ ရူးနေတုန်းပဲလား "
လို့ ခပ်တိုးတိုး အပြစ်တင် တော့
" မရူးရူးအောင် ပြုစားခဲ့တာကလည်း နင်ကိုယ်တိုင်ပဲလေ "
လို့ ခပ်တိုးတိုး တုန့်ပြန်တဲ့ အောင်အောင်။
" အဲဒါကြောင့် အခုထိ ယူမယ့် မိန်းမ မရှိသေးတာ ဖြစ်မယ် ဘွဲ့ နှစ်ခုသုံးခု ယူပြိး "
" နင့်ကြောင့်လေ အဲဒါ နင်တာဝန်ယူ ရမယ် "
" အောင်မယ် လာသေးတယ် နင့်လို အပုတ်အသိုး လူပျိုဟိုင်းကို ငါက ဘာလို့ သုံးရမှာလဲ "
" မရဘူးနော် ခင်ထား ငါကို အချိန်တွေ ဒီလို ဖြစ်အောင် လုပ်ခဲ့တာ နင်ပဲ မရဘူး တာဝန်ယူ ဆိုယူနော် "
" မရှက်ဘူးလား ယောက်ျားလေး ဖြစ်ပြီး မိန်းမတစ်ယောက် ကိုတာဝန် ယူခိုင်းနေတာ နင် ယောက်ျား မဟုတ်ဘူး ထင်တယ်နော် အဟီး ..."
" ဟာနော် ခင်ထား ဘာတွေ လျှောက်ပြောနေတာလဲ "
ကျွန်မရဲ့ အပြောကို တစ်ယောက်ထဲ အတွေးပေါက်ပြိး ဆွဲထားတဲ့ လက်ကို ရုတ်တရက် လွတ်ချ လိုက်သော အောင့်ကို ကြည့်ပြိး ကျွန်မရော အောင်ပါ နှစ်ယောက်သား အားပါးတရ ရယ်မောလိုက်ကြရင်း။ မိုးသား ကင်းလျှက် ကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ ကျွန်မတို့ နှစ်ယောက်ရဲ့ ကြည်နူးစွတ်ပျံ့မှုတွေက လှပတဲ့ မိုးကောင်းကင်နဲ့ အပြိုင် လှပလို့နေရင်း။

စာဖတ်သူများအား အစဉ်အမြဲ လေးစားလျှက်
ကြိုးစားပါအုံးမည်။

16 comments:

ဒီဝတ္ထုလေးဖတ်ပြီး စစချင်းမှာ ခဲနဲ့ပေါက်တာ ဖတ်ရတော့ ခပ်ငယ်ငယ်က လူတစ်ယောက်ကို လေးခွနဲ့ပစ်ခဲ့ဖူးတာ သွားသတိရပြီး ပြုံးမိသေးတယ်။
သူငယ်ချင်းလဲ မဟုတ်ပါဘူး သူစိမ်းပါ။ ရန်လာစလို့ ပြန်တုံ့ပြန်မိတာ။ ခင်ထားလိုဘဲလေ အစ်မကလည်း လက်ကသွက်တယ်။
ညီမလေးရဲက ဇာတ်သိမ်းခန်းလေးကတော့ ကျေနပ်စရာပါဘဲ။
တခါတခါတော့လည်း ခုလို ဇာတ်သိမ်းလေးတွေ ဖတ်ချင်မိသားလေ။
ဖတ်ပြီး ဇာတ်ကောင်တွေနဲ့အတူ ပျော်ရွှင်သွားရတယ်

ငယ်ငယ်ကဆို ဇာတ်သိမ်းမှာ ပြေလည်ရင်
မကြိုက်တတ်ဘူး။ လွန်းထားထား ရှင်မိုးတို့
ဖတ်လို့လေ။ အခုတော့ အသက်တွေလည်းရလာပြီ
ဒီလို ပြေလည်သွားတာပဲ ဖတ်ရတာကျေနပ်တယ်။
ချောပြောလို့ ကိုယ်လည်း ငယ်ငယ်က ကောင်လေး
တယောက်က အရမ်းကြည့်လို့ အဲ့ဒီကောင်လေး
အဝေးကြီးရောက်မှ ခဲနဲ့ပေါက်လိုက်တာ အဲ့ဒီနေ့ကမှ
တန်းပြီးသွားမှန်တော့တာပဲ။ နောက်မှသိရတာ အဲ့ကောင်လေးက
စိတ်မနံ့ရှာဖူးတဲ့။ ငါ့နှယ်နော် အရမ်းရှိုးလို့ ဒေါနဲ့ပေါက်လိုက်တာ
အရူးဖြစ်နေတယ်။ တော်သေးတယ် အကြည့်ချင်းစုံလို့ ရင်မခုန်မိတာ:P

ညီမရေ... အစ်ကို ရောက်တော့ရောက်တယ် စာကိုပြီးအောင်ဖတ်ရသေးဘူး...:P
နောက်ရက်မှ လာဖတ်အုံးမယ် ..အကြွေးမှတ်ထားတာ
:)
ရာဇာ(ကျေးလက်သားလေး)

သံခမောက်ဆောင်းပြီး ဝတ္ထု ဖတ်သွားရတယ်..
အန်တီဘေဘီက အပြင်မှာ တကယ် ခဲနဲ့ပေါက်..
စာရေးဆရာမက ဝတ္ထုထဲမှာပေါက်...
တော်ပါသေးရဲ့ အရှောင်ကောင်းပေလို့..

မိလှိုင် ဆိုတာ အပျော်တမ်း စာရေးသူမှ ဟုတ်ရဲ့လား . . . . သိပ်ကောင်းတယ် အရေးအသား ဇာတ်လမ်းဇာတ်အိမ် အတက်အကျ . . .
လေးစားလျှက်
ဗညား

ညီမ ရေ

တပုဒ်လုံး ဖတ်ပြီး မှ ပုန်းရည်ကြီးနဲ့ ဝက်သားဘဲ အမှတ်ရတော့တယ်
အဲ စတာပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ပျော်စရာ ဇာတ်သိမ်းလေးမို့ အပျော်တွေ ကူးသွားသလိုပဲ ..း))

သူငယ်ချင်းတွေရဲ့ ပျော်စရာဇာတ်လမ်းလေးမို့ သဘောကျတယ်.. ကိုယ့်အစ်မတွေ ညီမတွေ မလွယ်ပါလား.. အပြင်မှာ ခဲနဲ့ပေါက်တဲ့လူနဲ့ ဝတ္ထု ထုမှာ ခဲနဲ့ပေါက်တဲ့လူနဲ့.. :)

မာနဆိုတဲ့ ခံတပ်တာမရှိ၇င် ငါဆိုတဲ့သူပြိုလဲတာကြာပြီပေါ့....
.............ကဗျာလေးတော့ နှစ်သက်တယ်
ဇာတ်ကိုတော့မဖတ်ဖြစ်သေးဘူး..နောက်မှအချိန်.ယူပြီးဖတ်မယ်နော်....မအားသေးလို့

အရေးအသားကတော့ အပျော်တမ်း အဆင့်တော့ မဟုတ်နိုင်ဘူး။ ဇတ်လမ်းကို စဖတ်ကတည်းက စိတ်ဝင်စားနေတာ။ ဇတ်လမ်း အထားအသို၊ အနိမ့်အမြင့်၊ အတက်အကျ၊ အရမ်းကောင်းလွန်းတယ်။ စွဲဆောင်မှုရှိတယ်။ ခဲနဲ့ပေါက်တယ်ဆိုလို့ သူငယ်ချင်းတစ်ယောက်တောင်သတိရသွားတယ်။

ရေးထားတာက အချိတ်အဆက် မိတယ်...အရမ်းကောင်းတယ်။ ကိုခနွဲပြောသလိုပဲ အပျော်တမ်းတော့ မဟုတ်တန်ရာဘူး...ဇာတ်လမ်းထဲက ခင်ထားလို စရိုက်မျိုးဆိုရင်တော့ သတ္တိကောင်းမယ့်ပုံပဲနော်...လေးစားပါတယ် အားပေးနေမယ်....နောက်လည်း ဆက်ရေးပါအုံး...ကျန်းမာပျော်ရွှင်ပါစေ....

မလေး ပရင့်ထုတ်သွားသည်း))

သူများကို အုပ်ခဲနဲု့ထုတာတော့ တော်တော်လွန်ပါတယ်။ အင်း...သေချာတယ်။ အကြွေးကတော့ အတိုးနဲ့ပြန်ဆပ်ရမယ် ထင်တယ်။ အောင်မြင်ပါစေ။

အချိတ်အဆက်မိမိနဲ့ အနိမ့်အမြင့်၊ အတက်အကျ လှတဲ့ ပို့စ်လေးပါပဲ ညီမရေ၊ ဇတ်ကောင် ခင်ထားကို အဆုံးထိအောင်၊ လေသံမာမာ၊ မာနကြီးကြီးနဲ့ ထားခဲ့ တာ သဘောကျတယ်၊ ကာရိုက်တာကို သစ္စာရှိတဲ့ ဇတ်ကောင်အဖြစ် တလျှောက်လုံး ဖတ်လို့ ကောင်းတယ်၊ အားပေးပါတယ်..။

သုံးရက် တိတိ လာပြီးတော့ အချိန်အားတဲ့ အချိန်လေးတွေမှာ ဆက်စပ်ဖတ်သွားတယ် ညီမရေ။ အလွန်ကောင်းတဲ့ ဝတ္ထုလေးပါပဲ။ ကြည်နူးစရာ ပိုကောင်းပါတယ်။

ငါ့ညီမ တော်တော်ရေးနိုင်တာပဲ..
ရေးအားကောင်းတယ်..
အစဉ်အားပေးလျှက်...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More