http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, December 17, 2011

တိမ်ညို ဘာကြောင့် မှိုင်းရတယ်



မနက်(၇)နာထိုး ဆိုင်ဖွင့်ပြီ ဆိုတာနှင့် အဆင်သင့် စောင့်ဆိုင်းနေသော လူအုပ်ကြီးကြောင့် ဒီအမိန့်ရ အပေါင်ဆိုင်လေးသည် အနီးအနား ပတ်ဝန်းကျင် အတွက်တော့ အာကိုးအားထား ပြုစရာ ငွေ၊ကြေး လဲလှယ်ပေးရာ နေရာလေး တစ်ခုအဖြစ် ထင်ပေါ် ကျော်ကြားလှပေသည်။ အတိုးနှုန်းလည်း သက်သာသလို ဆက်ဆံရေးလည်း ပြေပြစ်လှသောကြောင့် တော်တော်ဝေးဝေးမှပင် လာရောက် ပေါင်နှံကြ ရသည့်အထိ သတင်းမွှေးလှသည်။ 

မပြေလည်သမျှ စီးပွားရေး အခက်ခဲကြောင့် အောက်ခြေ လူတန်းစားများနှင့် အလယ်အလတ်တန်းစား များပါ အားထားကြရသော အပေါင်ဆိုင်လေး ဆိုရလျှင်လည်း မမှားချေ။ မြင့်ဇော်တစ်ယောက် သင်တန်းတွေနဲ့ ဟိုမရောက် ဒီမရောက် စပ်ကြား အချိန်လေးရခိုက် အပေါင်းဆိုင်မှာ စာရေးဝင်လုပ်နေ ခြင်းပင်။ ရန်ကုန်နွေရဲ့ ထုံးစံအတိုင်း မနက်လင်းလို့ နေရောင်လာ သည်နှင့်အတူ အရိပ်ထဲတွင်ပင် နေရသော်လည်း ချွေးပြိုက်ပြိုက် ကျရလောက်အောင် ပူလောင်လှသည်။

အလုပ်သင်ဘဝ ပထမဥိးဆုံး ရက်ဖြစ်တယ်ဆိုပေမယ့် ဆိုင်ပိုင်ရှင်နဲ့ အတူ တွဲလုပ်ရတာမို့ တော်တော်လေး အဆင်ပြေသည်ဟု ဆိုရမလိုပင်။ ဆိုင်ပိုင်ရှင် ကိုကျင်ဆွေသည် တရုတ်လူမျိုး တစ်ယောက် ဖြစ်ပြီး ပင်ကိုယ်စကားပြော သိမ့်မွေ့သူလည်း ဖြစ်သလို အသက်(၃၃)နှစ်မှ အိမ်ထောင်ကျပြီး စိတ်ကးဥာဏ်ကောင်းသူ ပီပီ အမိန့်ရ အပေါင်ဆိုင်လေး ဖွင့်ဖြစ်ခြင်း ဖြစ်သည်။ မြို့စွန်ဆိုပေမယ့် အချက်အချာကျသော နေရာတွင် ဖြစ်သောကြောင့် မသိသူမရှိလောက်အောင်ပင် အောက်ခြေ လူတန်းစားတို့ရဲ့ ပါးစပ်ဖျား ရေပန်စားရသော အပေါင်ဆိုင်ကြိးပင် မဟုတ်ပေလား။ 

လုပ်ရင်း သင်ရင်းနဲ့ပင် မြင့်ဇော် တစ်ယောက် လုပ်ငန်းသဘော နားလည် လာသလို အလုပ်လုပ်ရာ တွင်လည်း တော်တော်လေး အဆင်ပြေ လာသည်။ ဒီအလုပ်လုပ်မှပဲ လူ့ဘဝရဲ့ ဒုက္ခ တစ်စိတ် တစ်ဒေသကို ဂဂနန မဟုတ်တောင် အကြမ်းဖျင်း နားလည်လာသလိုလိုပင်။ နေ့လည်ပိုင်း ရောက်လာတော့ လူတော်တော်လေး ကျဲသွားချိန် ကိုကျင်ဆွေမှ မနက်ပိုင်း လက်ခံထားသော အထည်ပစ္စည်းများ၊ အားသိမ်းဆည်းပုံ ရှင်းလင်းပြောပြတော့ တော်တော်လေးကို နားလည် လာသလိုလိုပါပဲ။

ထိုအချိန် ဆိုင်ရှေ့မှ ဖျတ်ခနဲ ကျလာသော လူရိပ်ကြောင့် ကိုကျင်ဆွေအား လှမ်းကြည့်တော့ ကျွန်တော်အား မျက်စပစ်၍ သွားဆိုသည့် သဘော။ ခပ်သွပ်သွပ်လေး ကောင်တာမှာ ထိုင်ရင်းမျက်စီရှေ့သို့ သံဇကာ ပေါက်လေးထဲမှ တိုးဝင်လာသော အထုတ်လေး တစ်ထုပ်။ ကျွတ်ကျွတ်အိပ်နှင့် ထုပ်ထားသော အထုတ်လေးအား အသာဖြေကြည့်တော့ အသားကပ်တံစိပ်တောင် မခွာရသေးသော ပလေကပ် ပုဆိုးအသစ်တစ်ထည်။

" ဘယ်လောက်နဲ့ ထားမှာလဲ "

ကျွန်တော်ရဲ့ အမေးစကားကြောင့် သံစကာ တစ်ဖက်ခြမ်းမှ တိုးလျှတဲ့ အသံဖြင့်

" ၁၅၀၀ "

အသံလာရာသို့ ဝေ့ဝဲကြည့်မိတော့ ကြည်လင်တဲ့ မျက်နှာညိုညိုလေးဖြင့် အသက်(၁၂)နှစ်အရွယ် ကလေးတစ်ယောက်။ ဝါကျင်ကျင် တီရှပ်လေးက ဟောင်းနွမ်းမှုကို အထင်းသား ထင်ဟပ်စေသော်လည်း ဖြူစင်နေလျှက်။

" ၁၅၀၀ မရဘူး ထင်တယ် "

ကျွန်တော်ရဲ့ အပြောစကားကြောင့် ဟန်မဆောင်တက်တဲ့ ကလေးငယ်ပီပီ ညိုးကျသွားတဲ့ မျက်ဝန်းများဖြင့် ကျွန်တော်အား အားယူကြည့်ရင်းမှ

" အဘွားကပြောတယ် ၁၅၀၀ ရတယ်တဲ့ "


အဖျားတုန်ခတ် နေသော အသံကြောင့် သူကလေး မရဲတရဲ အရဲစွန့် ပြောလိုက်သည်မှာ အထင်အရှား။ ကျွန်တော် ဆိုင်ပိုင်ရှင် ကိုကျင်ဆွေထံသို့ လှမ်းကြည့်တော့ အကြောင်းအရာ အားလုံးကို မြင်တွေ့နေသူမို့ ကျွန်တော်အား ခေါင်းငြိမ့်၍ လုပ်ပေးလိုက် ဆိုသည့် သဘောမျှသာ။ ဘောင်ချာရေးဖို့ ပြင်ရင်း

" နာမည်ပြော "

" ဖြိုးမောင်မောင် "

ဘောက်ချာရေး အပြီး သံစကာ အပေါက်လေးထဲမှ သေးသွယ်သော လက်ကလေးက လက်ပွေနှိပ်ရန် အလိုက်သင့် ဝင်ရောက်လာတော့ ကျွန်တော်အတွေးထဲ ဒီကလေး ဒီကိုလာထားနေကျ ဖြစ်ရမယ် ဆိုတဲ့ အတွေး။ သူ့ကလေးကို ငုံ့မိုးအကြည့် ခေါင်းလေးက တစ်ဖက်ခြမ်းသို့ စောင်းငဲ့ သွားတဲ့အချိန် ရင်ထဲ ဆို့နင့် သွားရသည်။ အမှန်တိုင်း ပြောရရင် အမေကျွေးတာစား၊ အမေပေးတာယူနဲ့ ဖြတ်သန်းလာတဲ့ ဒီအချိန်ထိ တစ်ချို့သော ဘဝ ဒုက္ခတွေဆိုတာ ကျွန်တော်နဲ့ မရင်းနှီး မကျွမ်းဝင်ခဲ့လေတော့ ယနေ့ အဖြစ်ပျက် လေးသည် ကျွန်တော့ ရင်ကို လှုပ်ရှားမှု လှိုင်းဂယက်လေး ထစေသည်။

ဘောက်ချာ ဖြတ်ပိုင်းလေးနှင့်အတူ ပိုက်ဆံ(၁၅၀၀)ကို သံဇကာ ပေါက်ထဲမှ အပြင်သို့ ကမ်းပေးရင်း လက်ခနဲ ဝင်းလက်သွားတဲ့ မျက်လုံးအိမ် နက်နက်လေးရဲ့ အရောင်ဖျတ်ခနဲ လင်းလက်မှုကို ကျွန်တော် အကဲခတ်နေမိသည်။ ဘောက်ချာနဲ့ ငွေကြေးကို ရေတွက်ရင်း ကျွန်တော်အား နှုတ်ဆက်အကြည့်ဖြင့် မော့ကြည့်လိုက်တဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာဟာ အမျိုးအမည် မသိရပေမယ့် ကျွန်တော် ရင်ထဲ နင့်နင့်နဲနဲ စွဲကျန်ရစ်ခဲ့သည်။

################


" မြင့်ဇော် အကို့ကိုယ် တစ်ခု ကူညီကွာ ..ဒေါ်ဒေါ်တူးဆီသွားပြီး မိတ်သလျင်ဥ တောင်းထားတာ သွားယူ ပေးစမ်းပါ၊ အကိုကစက်ဘီး ယူသွား။ အကိုလိပ်စာပါ ရေးပေးလိုက်မယ် ရှာရ လွယ်ပါတယ်ကွာ၊ "

" ဟုတ်အကို ပေးလေ ကျွန်တော် သွာလိုက်မယ် ရှာမတွေ့တော့လည်း ဒီလိုပဲ မေးစမ်းသွားလိုက်မယ် "

" အေးကွာ ကျေးဇူးပဲ ညီ.."

ကိုကျင်ဆွေ ကမ်းပေးသော လိပ်စာစာရွတ်အား လှမ်းယူရင်း ဆိုင်အပြင်တွင် အသင့်ထောင်ထားသော စက်ဘီးနှင့် ကျွန်တော် ထွက်လာခဲ့သည်။ ကိုကျင်ဆွေ ဇနီး ခြေသပွတ်အူ လည်သွားသဖြင့် ကျပ်ထုတ်စီးဖို့ မိတ်သလင်ဥ အရှာထွက်ခဲ့တဲ့ ကျွန်တော် ချောချောမွေ့မွေ့ပါပဲ။ ဒေါ်ဒေါ်တူးဆီမှ မိတ်သလင်ဥ ယူပြိး အပြန်

" ဦး ..ဘယ်က ပြန်လာတာလဲ "

အသံကြားရာသို့ လှည့်ကြည့်မိတော့ ...

" ..ဟာ...ဘယ်သူများလဲလို့ ... ကြည့်စမ်း ချာတိတ်ပါလား...နာမည်တော့ မမှတ်မိတော့ဘူး "

" ဖိုးလုံးလို့ အိမ်မှာရော ဒီနားကလူတွေပါ ခေါ်ကြတယ် ကျောင်းနာမည်က ဖြိုးမောင်မောင်လေ ဦး "

" အာာ ဟုတ်သားပဲ မှတ်မိပြီ ခုမှ..နေပါဦး ဖိုးလုံးက ဘယ်မှာနေတာလဲ "

" ဒီလမ်းထဲမှာပဲလေ..ဟိုးဘက် အချိုးကွေ့လေးနားမှာ သိပ်မဝေးတော့ဘူး ဦးရ လိုက်လည်ပါလား အိမ်မှာ အဘွားရှိတယ်လေဦး "

" ဖိုးလုံးက အဘွားနဲ့နေတာလား အမေတွေနဲ့ အတူနေတာမဟုတ်ဘူးလား"

" သားမှာ အမေရော အဖေပါ မရှိတော့ပါဘူး ဦး၊ အိမ်မှာ အဘွားရယ် သားရယ် ဦးလေးဝင်းရယ် အတူတူနေကြတယ်လေ "

" ဦးလေးဝင်း ဆိုတာ ကရော "

" သားရဲ့ဦးလေးလေ အဘွားရဲ့ သား၊ အမေရဲ့ မောင်ပေါ့ "

" အင်းပါ ..ဦး ခုတော့ လိုက်မလည်တော့ဘူးနော်... နောက်ဦး အားတဲ့ရက်မှပဲ သက်သက်လာလည်မယ် ဟုတ်ပြီလား "

" ဟုတ် ဦး ဒီလမ်းထဲမှာလေ ဖိုးလုံးလို့ မေးရင် မသိတဲ့ သူမရှိဘူး ဦးရ "

" အဟား...ဟုတ်ပါပြီ ကွာ ..ကဲ ဦးသွားတော့မယ် အိမ်ကိုကောင်းကောင်း ပြန်အုံး "

" ဟုတ်ကဲ့ ..ဦး "

ကျွန်တော်ရဲ့ အပြောကို ရိုကျိုးစွာ ဟုတ်ကဲ့ဟု ပြောပြီး ကျွန်တော့်ထက်အရင် သူကလေးက အပြေးတစ်ပိုင်းနဲ့ ပြေးထွက်လို့ သွားသည်။ ကလေးတစ်ယောက်ရဲ့ လွတ်လပ်စွာ ပျော်ရွင်မှု ဆိုတာထက် အရွယ်နဲ့ မလိုက်ဖက်နဲ့ မြိုသိပ်မှုတွေနဲ့ သူကလေးရဲ့ မျက်ဝန်းတွေက စကားလုံးများစွာ ပြောနေသယောင်ယောင်ပါ။ မကြာခဏဆိုသလို ဖိုးလုံးတစ်ယောက် ဆိုင်ကို လာနေကြမို့ မျက်မှန်းတန်းမိရာကနေ စပ်မိစပ်ရာ စကားလေးတွေကနေ သူ့ဘဝ တစ်စေ့တစ်စောင်း သိရချိန် ကျွန်တော် မောလျှခဲ့ရသည်။

###############


" သားအဖေက သားမမွေးခင် နယ်မှာ အလုပ်သွားလုပ်ရင်း ငှက်ဖျားမိပြီး ဆုံးသွားတာတဲ့။ အမေကတော့ သားကို မွေးပြီး (၄) ရက်ပဲ ရှိသေးတယ် ဆုံးသွားတာလေ "

သူကလေးအတွက်တော့ ပြောနေကျ ဝါကျစကားလေးက ပုံမှန်ပါပဲ။ နားထောင်ရတဲ့ ကျွန်တော် အဖို့သာ.. တစ်စုံတစ်ရာ ဖိထားခံထားရသလိုလိုပါပဲ။

" သားက ပညာတက်ကြီး ဖြစ်ချင်တာ ဦးရ၊ စာလဲ ကျက်တယ်။ အတန်းထဲမှာလဲ အမြဲတမ်း အဆင့်တစ်ကနေ တစ်ဆယ်တွင်း ဝင်တယ်။ အဟီး...တစ်၊နှစ်၊သုံး တော့ မရဘူးသေးဘူး "

အပြုံးတစ်ဝက်ဖြင့် တစ်ကယ့်ကို ကလေးငယ်တစ်ယောက်ရဲ့ ဟန်ဆောင်မှမပါ ရိုးစင်းစွာ ဖွင့်ပြောဟန်လေးက သူရဲ့ ညိုးနွမ်းလွန်းတဲ့ မျက်နှာလေးကို တဒင်္ဂတော့ ချိုမြစေတာ အမှန်ပါပဲ။

" သားကို အဘွားက မုန့်ဖိုး နေ့တိုင်း(၅၀)ပေးတယ်လေ။ အဲတော့ သားက ကျောင်းကို လမ်းလျှာက်သွားတာပေါ့။ ကားမစီးပါဘူး၊ ကားစီးလိုက်ရင် သားမုန့်မစားရတော့ပဲ နေမှာလေ။ သိပ်မဝေးပါဘူးဦးရ။ သားလိုပဲ ခြေကျင်ကျောင်းသွားတဲ့ ကျောင်းသားတွေမှ အများကြိးရယ် ပျော်ဖို့တောင်ကောင်းသေးတယ်။ အဘွား ဈေးကနေပြန်တာ နောက်ကျတဲ့နေ့ဆို ထမင်းချက်တာလည်း နောက်ကျရင်တော့ ကျောင်းမမှီမှာ စိုးလို့ ကားစီးသွားရတယ်လေ။ အဲဒီနေ့တော့ အဟီး မုန့်ဖိုး ရှိတော့ဘူးပေါ့ .."

" အဘွားဆီက မုန့်ဖိုးပိုတောင်းပေါ့ကွ .."

" အဘွားက ရှိရင်ပေးပါတယ် ဦးရ ။ သူလဲ မရှိလို့ ပါ။ "

အရွယ်နဲ့ မလိုက်တဲ့ နားလည်မှု အသိတရား ဒီကလေးရင်ထဲ ဘယ်သူကများ ထည့်ပေးထားပါလိမ့်လို့ တွေးမိရင်း ကျွန်တော်အိပ်ကပ်ထဲမှ (၅၀၀)တန် တစ်ရွက်ကို သူကလေးရှေ့ ထိုးပေးတော့

" အာာာ ဦးကလည်း သားမယူပါဘူး၊ ပြိးတော့ ဦးဆီကမှ မဟုတ်ဘူး ဘယ်သူဆီကမှ မုန့်ဖိုးမယူ ရဘူးလို့ ဦးလေးဝင်းက ပြောထားတယ်။ သူများဆီက အလကားရတဲ့ ပိုက်ဆံတွေကို မမက်မောရဘူးတဲ့၊ ပြိးတော့ သားဦးလေးက မှာထားတယ် သူများခိုင်းရင်လဲ မလုပ်ပေးရဘူးတဲ့ ဦးရ "

" ယူပါကွာ ..ဦးက ဖိုးလုံးကို ချစ်လို့ပေးတာပဲ သူများတွေလို ခိုင်းပြိးမှ မုန့်ဖိုးပေးတာ မျိုးမှမဟုတ်တာ ဖိုးလုံးရ "

" ဟင့်အင်း...မယူရဲပါဘူးဦးရာ ပြီးတော့ သားမှ အဲလောက် ပိုက်ဆံအများကြီး မလိုတာ "

သူကလေးက မျက်စိရှေ့မှ ပိုက်ဆံ(၅၀၀)တန်ကို သရဲတစ္ဆေလိုပဲ အကြောက် အကန်ငြင်းလျှက် တွန်းထုတ်လိုက်ပြီး

" ဦးရေ....တာ့တာနော်... သားသွားပြီ "

အပြေးတစ်ပိုင်းနဲ့ ထွက်ပြေးသွားတဲ့ ချာတိတ်။ ကျွန်တော် သက်ပြင်းမော တစ်ခုနဲ့အတူ လေးစားမှုလဲ သူကလေးအပေါ် ပိုမိသည်။

#######################

ကျွန်တော် အဖို့ အလုပ်ချိန်တွေ ကြားထဲမှ ကျောင်းဝတ်စုံ အဖြူ၊အစိမ်းနဲ့ ပန်းပွားလွယ်အိတ် အနီရောင်လေး လွယ်ထားသော ဖိုးလုံးရဲ့ ကျောင်းသွား၊ ကျောင်းပြန် အချိန်တွေကို စောင့်မျှော် ငေးမောရတာ အလုပ်တစ်ခုလိုပင်။ သူကလည်း ကျွန်တော်ကို ဆိုလျှင် အရိပ်လေးပဲ မြင်မြင် " ဦး " လို့ ဖွဖွ ခေါ်ပြီး လက်ပြ နုတ်ဆက်တက်သူလေး။ အဆင်ပြေနေလျှင် အချိန်အတော်ကြာ ပျောက်နေတက်ပြီး ရံဖန်ရံခါ တော့ အိတ်ကလေးတစ်လုံးနဲ့ သူကလေး ရောက်ရောက် လာတက်သည်။ ဘယ်လိုပင် ချော့ပေးပေး မုန့်ဖိုး ယူလေ့ မရှိသော ချာတိတ်ရဲ့ မျက်ဝန်းလေးများသည် တစ်စုံတစ်ရာ စီးဝင်နေသလို ကြည်လင်လှသည်။

" ဖိုးလုံး ပျောက်လှချည်လား ကျောင်းသွားတာ မတွေ့ဘူး "

" သား တခြားဖြတ်လမ်းက သွားနေလို့ ဦးရ ၊ ဖြတ်လမ်းဆိုတော့ နီးတယ်လေ။ ကျောင်းစောစော ရောက်တော့ သား ဘောလုံး ကန်လို့ရတယ်.. နွေရာသီမို့ပါ ..ဦးရ မိုးတွင်းဆို ဖြတ်လမ်းကနေ ကျောင်းသွားလို့မရဘူး၊ တစ်လမ်းလုံး ဗွက်တွေ ချည်းပဲမို့လေ "

" မသိပါဘူးကွာ ဦးက ဖိုးလုံးပျောက်နေလို့ နေမကောင်းဘူးလားလို့လေ "

ဒီလိုနဲ့ပဲ သွေးသား မတော်ပဲ ကျွန်တော်နဲ့ သူကလေးရဲ့ သံယောဇဉ်တွေက နက်ရှိုင်းလို့နေသည်။ ကျွန်တော်ကို တွေ့ရင် မရယ်မပြုံးနှင့် ခပ်တည်တည်လေး ခိုးကြည့်တက်သော ချာတိတ်လေး တစ်ယောက်။ အဓိပ္ပါယ်များစွာ ပါဝင်နေသော မျက်ဝန်းများနှင့် စကားပြောတက်သော ချာတိတ်။ အားငယ်နေသူလို့ ပြောလို့ မရသော်လည်း အမြဲ ညိုးငယ်မှုတွေနဲ့ မျက်နှာလေးက ကလေးငယ် တစ်ယောက်နဲ့ မလိုက်ဖက်လှစွာ နေရာယူလျှက်။ နာခံလိုမှုတွေ များစွာဖြင့် အရွယ်မလိုက်အောင် နားလည်နေသော ဒုက္ခ တရားတွေကို ဖက်တွယ် ကြိးပြင်းနေရသော ချာတိတ် တစ်ယောက်။

ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည်ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု ဆိုရလျှင်တောင် သူကလေးရဲ့ ပင်ကိုယ် စိတ်ထားကြောင့်သာ ဖြစ်ပေလိမ့်မည်ဟု ကျွန်တော် တစ်ထစ်ချ ယုံကြည် နေမိသည်။

###############

" မြင့်ဇော် ရှေ့လထဲ မင်းသင်္ဘောတက်ရတော့မယ် ပြင်စရာရှိတာတွေ ပြင်တော့ " လို့ ဖေဖေထံမှ စကားကြားရတော့ ရုတ်တရက် ကျွန်တော် မပျော်နိုင်။ ထိုစကား ကြားရဖို့ အချိန်ကာလ အတော်ကြာ စောင့်မျှော်ခဲ့ဘူးသော်လည်း ယခုအချိန်တွင် ထိပ်တိုက် ရင်ဆိုင်ရ၍လားမသိ ကျွန်တော်ရင်ထဲ အမျိုးအမည်မသိ ခံစားချက် တစ်မျိုးဖြင့် မပျော်နိုင်။ မဆီမဆိုင် ဖိုးလုံးလေးရဲ့ ကျောင်းသွား ကျောင်းပြန် မြင်ကွင်းလေးတွေ မြင်ယောင်ရင်း သံယောဇဉ် ဆိုတာကို နားလည် လာခဲ့ရတယ်။ ဆိုင်မှာ လူကျနေ ချိန်တွေဆို ခုံတန်းလေးရဲ့ နောက်ဆုံးမှာ ထိုင်ရင်း ကျွန်တော်ကို ခိုးခိုး ကြည့်တက်သော မျက်ဝန်းလေး အကြောင်း တွေးမိတော့ ရင်ထဲ နွမ်းလျှသွားရသည်။

မြေတွင် ဆော့ကစားနေရင်းမှ ဖုန်တွေ ပေရေနေတဲ့ ခြေဗလာနဲ့ ကျွန်တော်ဆီကို အပြုံးတစ်ဝက်ဖြင့် အပြေးအလွှား နုတ်ဆက်တက်တဲ့ ကလေးတစ်ယောက်။ လူကြိးပေါက်စလေး တစ်ယောက်လို " သားမှာ လုပ်စရာအလုပ်တွေ အများကြိးတယ် ဦးရ ...ရည်မှန်းချက်လည်း အကြိးကြီး ထားတယ်သိလား " လို့ လေးလေးနက်နက် တွေးတွေးဆဆလေး ပြောတက်တဲ့ ကလေးတစ်ယောက်။ 

" ဦးကိုလေ ...ဘာလို့မှန်းမသိဘူး ..သား ချစ်တယ် " ဟု ရှက်ပြုံးလေးနဲ့ ပြောပြီး ထွက်ပြေးတက်တဲ့ ကလေး တစ်ယောက်။ လူတွေများလို့ သူ့ကို မမြင်လိုက်မိလိုက်လို့ နုတ်မဆက်ဖြစ် မပြုံးပြ မိရင် ညိုးငယ်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်တွေစိုလျှက်မှ " ဦးမှ ...သားကို မခေါ်တာ " လို့ အသံလေး နိမ်လျှက် တုန့်ပြန်တက်တဲ့ ကလေးတစ်ယောက်။

ကိုယ်အလုပ်နဲ့ ကိုယ်ရှုပ်နေသူမို့ မအားလပ်တဲ့ ကြားကပဲ သူကလေး ကျောင်းသွား၊ ကျောင်းပြန် ကိုယ့်ကိုများ ရှာဖွေနေလေမလားလို့ တွေးမိတော့ ရင်နဲ့ ဆို့နင့်သွားရသည်။ ပြင်ဆင်စရာ ကိစ္စလေးတွေ ပြိးသွားတော့ ကိုယ့်ရဲ့ အသိတွေ အတွေးတွေကို လေးနက်စေတဲ့ ကျွန်တော်ရဲ့ ချာတိတ်လေးဆီကို အချိန်ပေး နှုတ်ဆက်ဖို့ လက်ဆောင်ပစ္စည်းလေး တစ်ချို့ ဝယ်ရင်း ရုတ်တရက် ကျွန်တော် အိမ်ထိ လိုက်လာတာများ သိရင် ဝမ်းသာသွားမလား၊ အံသြနေမလား အတွေးမျိုးစုံဖြင့် ရင်ထဲ ကြည်နူး ချမ်းမြေ့ရသည်။ 

သူကလေး လွယ်နေကျ ခပ်နွမ်းနွမ်း ပန်းပွားလွယ်အိတ် အနီရောင်လေးကို မျက်လုံးထဲ မြင်မိတော့ စိတ်က ချက်ခြင်းဆိုသလိုပဲ လွယ်အိတ် ရောင်းတဲ့ဆိုင်ဘက်ရောက်ပြီး ထပ်တူကျနိုင်မဲ့ အဆင်၊အရောင်တွေကို စိတ်ကြိုက် ရွေးချယ်နေလို့ အရောင်းစာရေးမလေး ကတောင် သိပ်မကြည်ချင်။ ကိုယ်ကလည်း ကိုယ်အကြောင်းနဲ့ ကိုယ်ဆိုတော့ သူအား ဂရုမထားနိုင်။ လိုချင်တဲ့ ပုံစံလေး စိတ်ကြိုက်ရမှပဲ ကြည်နူးစိတ်နဲ့အတူ တစ်ကိုယ်တည်း ကျိတ်ပြုံးရသေးသည်။

ကျောင်းစိမ်းအဖြူနဲ့ အစိမ်းတွေကို မေမေကပါ သူ့မိတ်ဆွေအထည်ဆိုင်မှာ ကိုက်ထိုးဖြင့် လိုက်ဖြတ်ပေးတော့ အဆင်ပြေလှသည်။ အကြိမ်ပေါင်းများစွာ ကျွန်တော်ပြောဖြစ်နေတော့ မေမေသည်လည်း လူချင်းသာ မဆုံဖူးသော်လည်း ဖိုးလုံးလေးဆိုတာနဲ့ကို ရင်းနှီးကျွမ်းဝင် နေပြီးသား ဖြစ်နေတော့တာမို့ အရာရာ စီစဉ်ပေးနေခြင်းပင် ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး မမြင်ရသော်လည်း သတင်းစကား ကြားရရုံဖြင့်လျှင် ချစ်ခင်နှစ်သက်နိုင် ကြတယ်ဆိုတာ မေတ္တာတရား အခြေခံလို့ပင် မဟုတ်ပါလား။

#################

သပ်သပ်ရပ်ရပ် မေမေ ထုတ်ပိုးပေးလိုက်တဲ့ အိတ်ကြီးကို လက်မှာ ဆွဲကိုင်ရင်း ကျွန်တော်ရဲ့ ခြေလှမ်းတွေက ကလေးတစ်ယောက်ကို သွားတွေ့ရတဲ့ အပျော်မျိုးမဟုတ်ပဲ ချစ်သူရည်စားနဲ့ ချိန်းတွေ့ရမှာမို့ ရင်ခုန်ရသလိုလို။ ကိုယ်ဘာသာ အတွေးတို့ဖြင့် စီးမြောနေရင်း ရုတ်တရက် သူလေးကို နုတ်ဆက်ဖို့ ဘယ်လိုစကားလုံး တွေကအသင့်တော် ဆုံးဖြစ်မယ်ဆိုတာကို ရွေးချယ်ရင်း သူကလေး ငိုနေမလားလို့ တွေးမိလိုက်တော့ ရင်ထဲ ဆို့နင့်လာသည်။ သြော်... ကလေးရယ်.. လမ်းဆိုတာ ဒီလိုပဲလို့ အခွဲတွေ များတယ်လို့ သူကလေး နားလည်အောင် ရှင်းပြရမှာပေါ့လေ။

အတွေးတွေနဲ့ စီးမြောရင်း လမ်းချိုးလေးထဲ ချိုးကွေ့အဝင် မိုးပြာပြာ တာလပတ်အမိုး တစ်ခုက လမ်းမ ထက်မှာ နေရာယူလို့။ ဘုရားဘုရား သူကလေးရဲ့ အိမ်ကလူ တစ်ယောက်ယောက်များ ......။ လမ်းမမှာ တာလပတ်မိုး တယ်ဆိုတာ နာရေး အိမ်တွေမှာမှ မိုးတက်ကြတာမလား။ အတ္တကြိးတယ်ပဲ ဆိုဆို သူကလေးရဲ့ အိမ်မှ မဟုတ်ပါစေလို့ ဆုတောင်းလိုက်မိ သော်လည်း ဆုတောင်းသည် အချည်းအနှီးမျှသာ..။ အပြာရောင် တာလပတ် အမိုးကြိးသည် သူကလေးရဲ့ အိမ်ရှေ့တွင် မားမားကြိး ရပ်တည်လျှက်မှ ကျွန်တော်ကို လှောင်ပြောင်နေ သလို။ လူ(၃)ဦးသာ နေထိုင်သော အိမ်တွင် .... ကျွန်တော် အတွေးဖြင့်တောင် ဆက်မတွေးရဲ လောက်အောင် ခြောက်ခြားသွားရသည်။

ကျွန်တော်ရဲ့ ခြေလှမ်းတွေသည် အနည်းငယ် မဟုတ် သိသိသာသာ တွန့်ဆုတ် တုန်ရီနေသည်ကို ကျွန်တော် သိသည်။ ခြေလှမ်းတိုင်းသည် လေးဖင့်နေသည်။ တစ်စုံတစ်ယောက်က ဆွဲထားသလို လေးလံလှသည်။ ထိုအိမ်လေးမှ လူသား (၃)ဦး စလုံးအား အန္တရယ်ကင်း အေးချမ်းစေချင်သော ကျွန်တော် ဆန္ဒအား ဖြည့်စည်းပေးပါဘုရားလို့ တီးတိုး ဆုတောင်းနေမိသည်။ တဖြေးဖြေး ကျွန်တော်ရဲ့ ခြေလှမ်းတွေသည် အိမ်ကလေးဆီသို့ နီးကပ်လာနေ ပေသည်။ ထိတ်လန့် တုန်လှုပ် ခြောက်ခြားမှုနဲ့အတူ ကျွန်တော်ရဲ့ စိုးရိမ်အမှတ်သည် အမြင့်ဆုံးလို့ ရောက်ရှိလို့ လာသည်။

ကျွန်တော် ထိုအိမ်လေး၏ အိမ်ပေါက်ဝသို့ ရောက်သည်နှင့် လူအားလုံးရဲ့ မျက်ဝန်းများသည် ကျွန်တော်ထံသို့ စူးစိုက်ကြရောက်ပြီး

" ဧည့်သည် ကိုခေါ်ကြပါအုံး၊ နေရာပေးကြ ပါအုံး "

ဟူ၍ အသံများ ရုတ်တရက် ဆူညံသွားသည်။ ကျွန်တော်သည် မျက်လုံးများအား အသဲသန်အလုပ်ပေးရင်း ကျွန်တော်ရဲ့ ချာတိတ်လေးအား ရှာဖွေနေမိသည်။

" အဒေါ်ရေ ...အဒေါ် ... ..ဟဲ့ လေးဝင်း ဒီမှာ ဧည့်သည် ရောက်နေတယ် လာဧည့်ခံ အုံးလေ "


အသံလာရာ အိမ်ဝဆီသို့ ကျွန်တော် လှမ်းကြည့်ရင်း ဖိုးလုံးရဲ့ အဘွား ဖြစ်သူသည် ကျွန်တော်အား မြင်သည်နှင့်

" အမလေး မြေးကြိးရေ....သားရဲ့ ဦးဦး လာနေပြီလေ သားရဲ့ ထကြည့်ပါအုံး "

အသံနဲ့ အတူ ငိုကြွေးရင်း ကျွန်တော်အား ဆီးကြိုရှာတဲ့ အသံက ကျွန်တော်လက်မှာစွဲလာသော အထုတ်နှင့်တစ်ကွ နှလုံးသား တစ်စုံပါ ပြုတ်ကျသွား ရသည်။ ဆို့နင့် ကြေကွဲမှု၏ ဒဏ်ကြောင့် ကျွန်တော် စကားမပြော နိုင်စွာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါ်က် ကျဆင်းလာရသည်။ မတွေးမိပါဘူး ကျွန်တော်ရဲ့ ချာတိတ်ကလေး ဖြစ်နေလိမ့်မယ်လို့လေ။ အသက်ရွယ်ရနေတဲ့ အဘွား သော်လည်းကောင်း၊ ထိုအိမ်ရဲ့ စာဝတ်နေရေး ဖြည့်စည်းပေးနေသော ချာတိတ်ရဲ့ ဦးလေး သော်လည်းကောင်း၊ ကျွန်တော်ရဲ့ ချာတိတ်လေးသော်လည်းကောင်း ဤသုံးဦးစလုံးသည် တစ်ဦးမရှိလျှင် မဖြစ်ပေသော လူများပင် မဟုတ်ပါလေ တကား။ ရက်စက်ပါပေ့ ကြမ္မာရယ်။ လှပနုနယ် ငယ်ရွယ်ပျိုမြစ် ကလေးဘဝလေးပင် ရှိသေးသော ကျွန်တော်ရဲ့ ချာတိတ်လေးသည် အများသူငါ ကလေးငယ်တွေနဲ့ မတူ၊ တမူထူးထူး ခြားခြား ကလေးငယ် တစ်ယောက်ပင်တည်း မဟုတ်ပါလား။ မည်သို့သော ဝဋ္ဋ်ကြွေးများက သူကလေးအား ရက်စက်နိုင်အားပါပေ့။

" ဖိုးလုံးက သူ့ခြေထောက် သံစူးတာကို လူကြိးတွေကို မပြောဘူးလေ။ သူဘာသာသူ ကုက္ကိုလ်ရွက်တွေ ထုခြေပြီး ပတ်တီးစီးပြီး နေနေတာ။ အစားသောက်နည်းသွားတာတော့ သတိထားမိတယ် အဆော့လဲ မပျက်တော့ အိမ်ကလဲ ဂရုမထားမိဘူးလေ။ ကလေးက သိပ်ပြိး လိမ္မာတာ။ အရမ်းလဲ သိတက်တယ်လေ။ ခြေထောက်ရောင်နေတာကိုလဲ မပြောဘူး။ အဘွားလုပ်သူကလည်း ဈေးတစ်ဖက်နဲ့ဆိုတော့ သူ့ခြေထောက်ကို မကြည့်မိဘူး။ ညဘက် ကိုယ်တွေ ခြစ်ခြစ်တောက်ပူ အဖျားတွေ တက်နေတော့မှ သူ့ခြောက်ထောက် သံစူးတာက အနာရင်းပြိး နောက်ဆုံး မေးခိုင်ပိုး ဝင်သွားတာကို မသိလိုက်တာလေ။ ဆေးရုံကို အချိန်မှီရောက်ပေမယ့် အရာရာ နောက်ကျ သွားတယ် သားရယ် ...."

ကျွန်တော် ဘယ်လိုဖြေရပါ့မလဲ ချာတိတ်ရယ်....။ ကျွန်တော် သူကလေးအတွက် ရည်စူးပြီး ဝယ်လာသမျှကို အဘွားလုပ်သူ မြင်ရချိန်တွင် သတိလစ် မေ့မြောသွားလို့ ကျွန်တော်မှာ မျက်ရည်ပင်လယ် ဝေခဲ့ရပြန်သည်။ အကြိမ်ကြိမ် အခါခါ ပြင်ဆင်ထားခဲ့သော ကျွန်တော်ရင်ထဲက စကားတွေ ချာတိတ်တစ်ယောက် နားထောင် နိုင်စွမ်းမရှိတော့သလို သူကလေးဖို့ ကျွန်တော်ကိုယ်တိုင် ရွေးချယ် ဝယ်ယူခဲ့သော ကျောင်သုံးပစ္စည်းလေးများကို လက်ခံနိုင်စွမ်း မရှိတော့ပြီတကား။ မျှော်လင့်ကြီး မျှော်လင့် စိတ်ကူးခဲ့သော ရုတ်တရက် ကျွန်တော်ကိုများ မြင်လျှင် အံ့သြဝမ်းသာ သွားမလားဆိုတဲ့ စိတ်ကူး အိမ်မက်တို့သည် လေမှာလွင့်ဝဲ ခဲ့ကြကုန်သည်သာ.....။

စိတ်ကူးယဉ် အပျော်များဖြင့် အလာလမ်းမှာ တက်ကြွမှုတွေနဲ့ သွက်လက်ခဲ့သလောက် ကျွန်တော်ရဲ့ အပြန်လမ်းတွေဟာ ခြောက်သွေ့ လွန်းလှပါတယ် ချာတိတ်ရေ။ ဒီလို ခွဲခွာခြင်းမျိုးနဲ့ ခွဲခွာကြရလိမ့်မယ်လို့ ဘယ်သူကများ တွေးမိပါ့မလဲကွယ်။ အမြဲလိုပဲ အရွယ်နဲ့ မလိုက်အောင် သိတက်ခြင်း၊ မြိုသိပ်ခြင်းတွေနဲ့ လောကကို ကျောခိုင်းသွားရတာ သူကလေး ကံဆိုးလွန်းပါတယ်။ အိမ်အပြန် ခြံဝအထွက်မှာ လေမတိုက်ပဲ သစ်ရွက်တစ်ချို့ ခြေထောက်နားလေး ဝေ့ဝဲလာတာ မင်းကလေး ကိုယ့်ကို နှုတ်ဆက်လိုက်တာ များလား ချာတိတ်ရယ်....။ ချာတိတ်ရေ... မင်းကလေး တစ်ယောက် ဆင်းရဲခြင်းကင်းတဲ့ ကောင်းသော ဘဝတစ်ခုမှာ ရှင်သန်နိုင်ခွင့် ရပါစေလို့...ဆန္ဒပြုရင်း။


##################################
#######################
###########

Written By Angelhlaing
Saturday,December 17, 2011
10.13 PM (Austria)
www.angelhlaing.blogspot.com

21 comments:

ဒီစာမှာ ဘဝသရုပ်ဖော် တစ်ခုတည်း မဟုတ်ဘူး။
...........
ဇာတ်ကြောင်းသွားချည်းပဲ ကြည့်လို့ မရဘူး။ ရိုးရှင်းတဲ့ ဇာတ်ရိုးကို - စာရေးသူက အနုပညာ မန်းမှုတ်ထည့် ထားတယ်။ ရိုးရှင်းတဲ့ ဇာတ်ကြောရိုးက သရုပ်ကြွတယ်။ စာဖတ်သူရဲ့ သန္တာန်မှာ ဇာတ်လမ်း ပျောက်သွားတယ်။ လွမ်းမောစိတ်နဲ့ လေးစားစိတ် - မေတ္တာ နဲ့ ဂရုဏာ စိတ် စူးစူးရှရှ ( ဒါပေမယ့် အေးအေးမြမြ ) ကျန်ရစ် ခဲ့တယ်။
...................
ဇာတ်လမ်းကို ကောင်းအောင်ရေးတဲ့ စာရေးဆရာမျိုး ရှိတယ်။ အတွေးတွေ ချည်း ရေးတဲ့ စာရေးဆရာမျိုးရှိတယ်။ ဇာတ်လမ်းကောင်းလို့ အတွေး ကောင်းတာ မျိုး ရှိတယ်။ ဒါပေမယ့် ဒီတစ်ပုဒ်ကတော့ ဇာတ်လမ်း ရိုးရှင်းပြီး ရသကောင်းကောင်း ထွက်တယ်။ အဲ့လိုမျိုးက ရှားတယ်လို့ ဆိုချင်ပါတယ်။ စာရေးသူ အများနဲ့ ယှဉ်ရင်လည်း တွေ့ရခဲသလို။ ဒီ စာရေးသူ တစ်ဦးတည်း ရေးတဲ့ အခြားပို့စ်တွေမှာ တင်ပဲ ယှဉ်ဖက် ပြောနိုင်မယ့် အခြားတစ်ခု မတွေ့ခဲ့ ဖူးသေးဘူး။

အရင်က စာရေးသူရဲ့ ပို့စ်တစ်ပုဒ် မှာ ကွန်မန့်ရေးခဲ့ဖူးတယ်။ -- “အရင်ပို့စ်တွေထက် ပိုလက်ရာမြောက်လာတယ်” ဆိုပြီး ကွန်မန့်ထားခဲ့တယ် ထင်တယ်။ ဒီတစ်ပုဒ်ကတော့ လက်ရာ မြောက်တာ မဟုတ်ဘူး။ စာရေးသူ ၊ စာဖတ်သူ၊ ဖြိုးမောင်မောင်၊ ဦးဦး ၊ သူ့အဘွား ဒါတွေ အားလုံးထဲမှာ စာဖတ်တဲ့သူ အကိုတို့ က တစ်လှည့်စီ ဝင်စား သွား တယ်။ ဆိုလိုတာက - အရင်ပို့စ်တွေမှာ ဦးနှောက်နဲ့ ဖတ်ရင်း တွေးရင်း အဆုံးထိ ဖတ်သွားနိုင်တယ်။ ဒါပေမယ့် နှလုံးသားထဲအထိ အပျံ့အနှံ့ရောက်ခဲ ပါတယ်။ ဒီတစ်ပုဒ်မှာ တော့ ဦးနှောက်က နှုတ်ဆိတ်သွားတယ်။ ဟိုးအနက်ရှိုင်း တစ်နေရာအထိ တိုးဝင်သွားတယ်။ ဖတ်နေတဲ့သူ ကိုယ်တိုင်ကပဲ စာသားတွေ မမြင်နိုင်ဘူး။ သတိမထား မိဘူး။

( စာဖတ်ရင်း စာသား စကားလုံးတွေကို သတိမထားမိတော့တဲ့ ပို့စ်မျိုး က ရှားပါတယ်။ အကို့အတွက်တော့ အွန်လိုင်း ပေါ်မှာ ငါးခါ၊ ခြောက်ခါ လောက်ပဲ ရှိဖူးတယ်။ ဒီပို့စ် အပါအဝင်ပေါ့။ )

ပုံရိပ်တွေနဲ့ - သူကိုယ်တိုင် အိတ်ဆွဲပြီး ကလေး အနား ကို တစ်လှမ်းချင်း လျောက်သွားနေတယ်။ သူ့အဘွားနဲ့ အတူတူ အံကြိတ် ငိုကြွေး ဖို့ ဆို့တက် လာတယ်။

ကျေးဇူးတင်ပါတယ်။ အကို့ညီမလေး။

ဘာပြောရမှန်းမသိလို့ ထိထိမိမိ တစ်ခွန်းပဲ ပြောချင်တယ်။။။
ကောင်း၏။။။ :P

ညီမရေ အရေးအသားတွေလေးစားမိပါတယ်
ဖတ်နေရင်းနဲ့ ရင်ထဲနင့်လောက်ကိုခံစားမိတယ်
အမှန်ပြောရရင်းအစ်မက ၀ထ္ထုတွေဖတ်လေ့ဖတ်ထမရှိဘူး
ညီမလေးစာတော့သေချာဖတ်သွားတယ်ကွယ်

ကောင်းလိုက်တာ ညီမလေးရေ

ဖတ်ရင်းနဲ့တောင်.၀မ်းနည်းလာတယ်ရှင်
တကယ့်.လူမှုဘ၀လေးပါပဲ
အာပေးနေပါတယ်အစ်မရေ

ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

အမ ရေးတဲ့ ပို့စ်တွေ ဖတ်ဖူးသမျှထဲမှာ ဒီပို့စ်လေးက ရင်ထဲထိအရောက်ဆုံးနဲ့ စာသားတွေပျောက်ပြီး နူးညံ့တဲ့ လွမ်းမောရတဲ့ ခံစားချက်တွေ နင့်နင့်နဲနဲခံစားလိုက်ရတယ်... ဘယ်လိုမှ မပြောပြတတ်ဘူးဗျာ... ရိုးရှင်းတဲ့ ဇာတ်လမ်းလေးကို အနုပညာရသမြောက်စွာ ခြယ်မှုန်းသွားတယ်... သိပ်ကောင်းတဲ့ လက်ရာပဲ အမရေ...

ချစ်ခင်လျက်
Junemoe

စိတ်မကောင်းလိုက်တာ။ရင်ထဲဆို့သွားတယ်၊

စိတ်မကောင်းလိုက်တာ .. ဘ၀တွေ ဘ၀တွေ ...

တစ်ကယ့်လူနေမှုဘ၀စစ်စစ် ကိုဖော်ကျုးထားလို့ဖတ်ကောင်းပါတယ်ဗျာ

စာဖတ်ပြီး နင့်နင့်နဲနဲခံစားလိုက်ရပါတယ်
ညလေးရေ....ထိတာမှရင်ဘတ်ထဲကို တန်းနေတာပဲ

မျက်လုံးထဲပါမြင်ယောင်မိနေတယ်း)

ဖတ်ရင်း ဖတ်ရင်း စိတ်မကောင်း ဖြစ်မိတယ်။ ဒီလို သိတတ်လိမ္မာတဲ့ ကလေးတွေ ဒီဘက်ခောတ်မှာ ရှားသွားပြီ...

ဘ၀သရုပ်ဖော် ၀တ္ထုပဲ ဖတ်လို့ ကောင်းတယ်ဗျာ၊ ပို့စ်အသစ်တက်တိုင်း ရောက်တယ်၊ ဒီလိုမျိုး အတွေးစိတ်ကူးတွေ များများရပါစေ ...း)

ဇာတ်သိမ်းမှာ ယူထားတာ လှတယ်...၀ထ္ထုကောင်းလေးဖတ်ရလို့ ကျေနပ်ပါရဲ့...

ရသ၀တ္တုစစ်စစ်လေး...။
သူစိမ်းနှစ်ဦးကြားက သံယောဇဉ်ကြိုး တင်းတင်းလေးကို မြင်သာအောင် ရေးဖွဲ့သွားတာ ကျေနပ်စရာ ညီမရေ...။

အင်း ဖြစ်လေ့ ဖြစ်ထရှိတဲ့ ထူးဆန်းတဲ့ သံယောဇဉ်လေးကိုဖော်ကျူးသွားတာ အလွန်ကောင်းပါတယ်...မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မဖြစ်သင့်တဲ့ ယိုဖိတ်မှုတွေပါပဲ...အောင်မြင်ပါစေ...အလင်းအိမ် ဘုန်းဘုန်း။

လာရောက်ခံစားသွားပါတယ်..လှိုင်..

ဝထ္ထုလေးဖတ်ပြီး ဂရုဏာမျက်ဝန်းနဲ့ ကြည့်တတ်တဲ့သူတယောက် ပိုဖြစ်ချင်လာပါတယ်..

မျက်ရည်လည်သွားတယ်ဗျာ။ ဒါပဲ ပြောနိုင်တော့တယ်။

ဟာဗျာ အစ်မကလုပ်ပီ ၊ အဲကလေးနေရာ ကျွန်တော်သာ ဖြစ်လိုက်ချင်တယ် ၊ ဒီကလေးကို သက်ပြစ်ရက်တယ် ၊ ဖတ်ရင်းနှင့် မျက်၇ည်ပါကျတယ် ၊ တစ်ကယ်ဗျာ ........

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More