http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, June 3, 2013

ရင်ထဲက သုံးရာသီ


ရင်ထဲကသုံးရာသီ



အိမ်အပြင်ဘက်မှာ နှင်းပွင့်များ တဖွဲဖွဲကျနေသည်မှာ ပန်းချီကား တစ်ချပ်ပမာ ရှိလှ၏။ အမြင်သာလှ၍ မေးခိုက်အောင်ပင် ချမ်းစိမ့်နေစေသော နှင်းတွေကို အဝေးကနေပဲ ချစ်ပရစေဟု တစုံတယောက် ပြောခဲ့ဖူးတာကို ကျွန်မ ပြန်လည် အမှတ်ရမိသည်။ ဆောင်းရာသီမို့ သစ်ပင်တို့တွင် အရွက်များလည်း မရှိတော့ချေ။ သစ်ပင်အို၏ ကိုင်းဖျားတစ်ခုမှာ နားနေသော ငှက်ကလေး တစ်ကောင်ကို အကြောင်းမဲ့ ငေးကြည့်နေမိလျှက်မှ သူကလေး ချမ်းနေရှာမှာပဲဟု ဂရုဏာသက်စွာ တွေးနေမိသည်။ ထိုအချိန်မှာပဲ ငှက်ကလေး၏ နံဘေးကို သူနှင့် ပုံသဏ္ဍန်တူသော တခြား ငှက်ကလေး တစ်ကောင် ရောက်လာချိန်မှာတော့ ဘာရယ်မဟုတ်ပဲ ကျွန်မ နှုတ်ခမ်းတွေ ကွေးညွတ်သွားအောင်ပင် ပြုံးမိသွားရသည်။ ထိုအပြုံးတွေမှာ ကျေနပ်မှု၊ ကြည်နှုးမှုတွေ အပြည့်ရှိနေသည်။

ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းသော ဘဝခရီးလမ်း ဖြစ်ပါစေ၊ မိမိနှင့်အတူ အေးအတူ၊ ပူအမျှ ခံစားနားလည် ပေးမည့်သူ တစုံတယောက်သာ ရှိနေခဲ့မယ်ဆိုလျှင် ဟူသော အတွေးလေးတခု တွေးမိချိန်မှာ ကျွန်မ ရင်ဘတ် တစ်ခုလုံး ဟာဆင်း သွားခဲ့ရသည်။ အတူယှဉ်တွဲလို့ ဟိုဒီဝဲပျံ အစာကောက်နေသော ငှက်ကလေး နှစ်ကောင်ကို ငေးကြည့်နေလျှက်မှ နွေးထွေးစွာ ဆုပ်ကိုင်မည့် လက်တစုံကို မွတ်သိပ်စွာပင် တောင့်တမိသည်။ ချမ်းစိမ့်သော နှင်းတွေကြားမှာ တစ်ယောက်လက်ကို တစ်ယောက်က မြတ်နိုးစွာ ထွေးဆုပ်၍ နှင်းတောထဲ၌ ကလေးဆန်စွာ ပြေးလွှား ကစားချင်နေမိ၏။

“ ကလေးလည်း မဟုတ်ပဲနဲ့ ကလေးဆန်လိုက်တာ” ဟု အပြစ်တင်သံ မဟုတ်သော ရယ်မောသံ တစ်ဝက်နှင့် ကြည်စားတက်သော သူ့မျက်ဝန်းတွေကို ကျွန်မ လွမ်းသွားရသည်။ သူနှစ်သက်သော သံစဉ်တစ်ချို့ကို ခပ်တိုးတိုးဖွင့်ပြီး  သူ့မျက်လုံးလေးများကို မှေးစင်းကာ စီးချက်ကျကျ လိုက်ကတက်သော သူ့အပြုမှုလေးတွေကလည်း မဖိတ်ခေါ်ဘဲ ကျွန်မအတွေးထဲသို့ အစီအရီ ဝင်ရောက်လာ ကြပြန်သည်။ တောင်ပေါ်ဒေသလည်း ဖြစ်သလို နှင်းတွေနှင့် ပြည့်နေတတ်တာမို့ “ ကားကို ဂရုစိုက်မောင်းနော်” ဆိုသော စိတ်မချဟန်ဖြင့် ကလေးတစ်ယောက်ကဲ့သို့ သတိပေးတတ်သော သူက ကျွန်မ အတွေးထဲ ဝင်ရောက်လာခဲ့သော အခါ  သတိတရဖြင့် ပြုံးမိရပြန်သည်။


ကလေးတစ်ယောက် မဟုတ်ပါဘဲနှင့် ကလေးတစ်ယောက်လို အလိုလိုက်ခဲ့သော သူ့မျက်ဝန်း ချိုချိုတွေကို တမ်းတစွာ လွမ်းမောမိရ၏။  “ချစ်ခြင်းမေတ္တာမှာ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ ရှိမနေဘူး” ဟူ သော သူ၏ ခံယူချက်တစ်ခုမှာ တခါတခါ ကျွန်မက ပင်တိုင်စံ မင်းသမီးလေး ဖြစ်လိုက်၊ တခါတလေကျ တော့လည်း အလိုက်မသိသော အတ္တတွေနှင့် ဘုရင်မ တစ်ပါး ဖြစ်လိုက်၊ တခါတရံလည်း သူလိုရာ ပုံသွင်းခြင်း ခံရသော ဖယောင်းရုပ်လေး ဖြစ်လိုက်နှင့် ဘဝဇာတ်ခုံပေါ်က သရုပ်ဆောင်မလေး တစ်ယောက် ဖြစ်လို့နေခဲ့ရသည်။ ပြိုမယောင်မိုးလို ညို့တက်သော မျက်ဝန်းများနှင့် ကျွန်မထံသို့ စွန့်စွန့်စားစား ကြည့်တိုင်းမှာ တသိမ့်သိမ့် စွဲမက်စေသော သူ့အပြုံးက “ဘယ်တော့မှ မမုန်းပါဘူး” ဟု ဆိုခဲ့ သယောင်ယောင်ပင်။

ချိုသာသော စကားတစ်ခွန်းထက် နူးညံ့သော အပြုအမှုတစ်ခုကို တန်ဖိုး ထားတက်သော သူ့အကျင့် စရိုက်ကြောင့် ချစ်စကား လှလှတွေ မကြားခဲ့ရဘူးတာကို နှမြောမိပြန်သည်။ “ချစ်သူကို တခြားအရာတွေ မဆိုထားနဲ့ လေတိုက်တာတောင် နှမြောတယ်” ဟု ရေရွတ်ပြီး စိတ်ဆိုးတက်သော သူ့အမူအယာ လေးတွေကလည်း ပကတိ ချစ်စဖွယ် အပြစ်ကင်း နေတတ်ပြန်သည်။ အချိန်မတော် ကျွန်မတစ်ယောက်တည်း စာတွေရေးနေတာကို စိတ်ပူစွာဖြင့် မအိပ်ဘဲ ကျွန်မစာရေးပြိးသည့် အချိန်အထိ အဖော်အဖြင့် စောင့်ပေးတတ်သော သူ့ကို ကျွန်မ စာတွေရေးတိုင်း သတိရနေမိသည်။

++++++++++++++

ကျွန်မ ဖန်တီးထားသော အနုပညာကို မည်သည့်အခါကမှ ကောင်းသည်၊ဆိုးသည် ဟူ၍ မဝေဖန်တက်သော်လည်း ကျွန်မရူးသွက်စွာ ခုံမင်သော အနုပညာကို လေးစားစွာနားလည် ပေးခြင်းဖြင့် နှုတ်ဆိတ်စွာ အားပေးတက်သည့် သူ့ကို တမ်းတမိသည် ဆိုတာထက်ကို ပိုမိ၏။ ကျွန်မ နားမလည်သော အကြောင်းအရာတွေကို ရှင်းပြသည့် အခါတိုင်း အားမလို အားမရစွာဖြင့် “ ဒီလောက်တောင် တုံးရသလား” ဆိုသော အပြစ်တင်သံမျိုးဖြင့် “ ပိုက်ဆံပေးပြီး တုံးတယ်” ဟူသော သူ့၏ ရေရွတ် အပြစ်တင်သံများကိုလည်း ကြားယောင်မိပြန်သည်။ ဘယ်လောက်ပင် အလုပ်တွေများနေပါစေ ကျွန်မအတွက် အမြဲတမ်း နံပါတ်တစ် ဖြစ်နေအောင် သူ ကြိုးစားပေးခဲ့ဖူးသည်။

တစ်ကယ်တည်း ဆိုရလျှင် သူဆိုသည်မှာ ကျွန်မနှင့် ပါတ်သက်လာလျှင် “ခုဆို….ခုနော်” ဆို၍ နှုတ်ခမ်းဆူနေသော ချစ်သူအလိုကျ  ကြိုးဆွဲရုပ် တစ်ရုပ်ဖြစ်ဖို့လည်း ဝန်မလေးတတ်သောသူ ဖြစ်သည်။ ထို့အပြင် နှုတ်ခမ်းနီ မကြိုက်သော ချစ်သူကို အလှပြင်ဖို့ တိုက်တွန်းတက်သော သူ၊ နုနုရွရွ အလှပတွေကိုမှ ချယ်သ စေလိုသောသူ၊ မိုးကို ချစ်သလောက် နှင်းကို အပြစ် မြင်တက်သောသူမျိုး ဖြစ်သည်။ မည်သူနှင့်မျှ မတူသော လူတစ်ဦးဖြစ်ပြီး တမူလည်း ထူးထူး ခြားခြားအနေဖြင့် အပြုံးရှားသော သူ ဖြစ်သည်။ ကျွန်မအတွက်တော့ သူသည် လိုသလို စေစားခွင့်ဖြင့် အခွင့်ခံထူး ရခဲ့ဖူးသူမို့ ရူးမတက်ဘဲ  လွမ်းနေခဲ့ရသည်။ ဖြစ်နိုင်မည် ဆိုပါလျှင် ကျွန်မက သူ၏ ကိုယ်ပွားလေး တစ်ယောက် ဖြစ်ချင်၏။ သူ နှစ်သက်သော အဖြူရောင်လေး ဖြစ်ချင်ခဲ့သည်။

သို့မဟုတ် သူနှစ်သက်သော Vodka တခွက်လည်း ဖြစ်ချင်သည်။ သူရူးသွပ်သော Classical musician တစ်ယောက် ဖြစ်ချင်သည်။ သူမြတ်နိုးစွာ သိမ်းဆည်းသော ပန်းချီကားလေး ဖြစ်ချင်သည်။ နောက်ဆုံး…. ဘာမှ ဖြစ်ခွင့် မရခဲ့လျှင် သူ၏ အရိပ်လေးအဖြစ် သူရှိရာအရပ်မှာ မကွဲမခွာ အတူရှိချင်ခဲ့သည်။ သူသည် ယှဉ်ပြိုင်ခြင်းကို နှစ်သက်၊ခုံမင်လေ့ရှိသလို အမြဲတမ်းလည်း အနိုင်ကိုသာ မျှော်လင့်တက်သောသူ ဖြစ်သည်။ မနိုင်နိုင်အောင်လည်း ကြိုးစားတတ်သလို အနိုင်ရမှလည်း ကျေနပ်တတ်၏။ ပန်းတွေကို ချစ်သော်လည်း နေရာမပေးတတ်သော သူဖြစ်သလို  အလိုမကျလျှင်လည်း တစ်ယောက်တည်း နှုတ်ဆိတ် နေတက်သော အကျင့်ရှိသူ ဖြစ်သည်။

လျိုဝှက်ခြင်းကို ခုံမင်ပြီး ပွင့်လင်းခြင်းဆိုတာကို တစ်ဖက်သားကို အခွင့်ရေးပေးခြင်းဟု ခံယူထားသော သူဖြစ်သလို အမြင်စူးရှ၍ ထက်မြက်သူမို့ အနာဂတ်ဆိုတာကို စည်းစနစ်ထားကာ Plan အပြည့်ဖြင့် စံချိန်ထားပြီး ကြိုးစားတတ်သောသူ တစ်ဦးလည်း ဖြစ်သည်။ ကံကောင်းခြင်းဆိုသည်ကို ဘဝလက်တွဲဖော် တစ်ယောက်ကဲ့သို့ ယုံကြည်တတ်သောသူလည်း ဖြစ်၏။ အလွတ်ရနေသော သူ့ပုံရိပ်တွေထဲမှာမှ ကျင့်သားရနေပြီဖြစ်သော ကျွန်မက အမှောင်ထဲက လမ်းလျှောက်တတ်သူ တစ်ယောက်လိုပင် အရာရာဟာ အမှားအယွင်းမဲ့စွာဖြင့် ကျွမ်းဝင်နေမိသူ ဖြစ်သည်။

သူအင်မတန်မှ နှစ်သက်သော တာရာမင်းဝေ၏ ကဗျာတွေနှင့်ပါ ကျွန်မက ရင်းနှီးကျွမ်းဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ရပြီး ကဗျာပိုင်ရှင်နှင့် ကဗျာတွေကို တွဲပြီး မှတ်မိနေတက်သော သူ့ကို တအံ့တသြ ငေးမော ကြည့်မိရသည့် အထိပင် သူက မှတ်သားဥာဏ် ထက်မြတ်လွန်း၏။ အချစ်ကံခေသော နာမည်ကျော် ပန်းချီဆရာကြီး ဗင့်ဆင့်ဗင်ဂိုး၏ “ အားလူးစားကြသူများ ပန်ချီကား” အပါအဝင် “နေကြာပန်း၊ ဆိုက်ပရပ်ပန်းများ၊ ဂျုံခင်းနှင့် ကျီးကန်းများ၊ ပေါ့ထရိတ် ပုံတူပန်းချီကားများ” ကိုမှ မျက်ဝါးထင်ထင် ခံစားလိုသူ ဖြစ်၏။ “လူပင်သေသော်လည်း သစ္စာတရားဖြင့် ရေးထိုးခဲ့သော သူတို့၏ အနုပညာ နာမများက ဘယ်သောအခါမှ သေလေ့ မရှိတဲ့အကြောင်း၊ အနုပညာဆိုတာ ရိုးသားမှုကို အခြေခံရတယ်” ဟူ၍လည်း တဖွဖွ ပြောဆိုတတ်သော သူလည်းဖြစ်သည်။

Abraham Lincoln  ၏ “ He has the right to criticizenwho has the heart to help.” “ နှလုံးသားမှ ကူညီချင်စိတ် ရှိသူသည် ဝေဖန်နိုင်ရန် အခွင့်ရေး ရှိသည် ” ဆိုသော အယူဆ၊သဘောထားသည် သူ သဘောအကျဆုံးလည်း ဖြစ်သည်။ ထိုစကားကို သူစတင်ပြောချိန်က ကျွန်မကလည်း  ဆရာမကြီး ခင်စောတင့် ရေးသားသော “ ဝေဖန်တာကို ခံယူနိုင်ဖို့”  ဆိုသည့် အကြောင်း သူနှင့် အပြန်အလှန် ဆွေးနွေးရင်း အခြေအတင် စကားနိုင် လုဖူးခဲ့ကြတာကို သတိရမိပြန်သည်။

++++++++++++

ထူးထူးခြားခြား ဖြစ်စဉ် တစ်ခု မဟုတ်သော်လည်း နင့်နဲ့သော ခံစားချက် ဆိုသည့် အသိနှင့် သူ့ကို လွမ်းမိသည်။ အေးစက် ထုံကျင် သွေးခဲမတက် အအေးဒဏ်တွေ ကြားထဲမှ လွန့်လူးနေသော နှင်းပွင့်လေးများကို ဘာရယ်မဟုတ် တို့ထိ ကစားနေမိပြန်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြူလွှလွှ ငွေမင်းရောင်တွေ လွမ်းဖုံးနေမူကြောင့် အချိန်ကြာကြာ စိုက်ကြည့်နေနိုင်စွမ်းပင် မရှိနိုင်အောင်ပင် အလင်းရောင်ကလည်း စူးရှလွန်းနေ၏။ အအေးဒဏ်ကြောင့် ခံစားမှုမဲ့ကာ ထုံကျင်လာမှ ဆော့ကစားနေမိသော လက်ကို ရုတ်သိမ်းဖို့ သတိရမိသည်။

ဟိုယခင်ကဆိုလျှင် ယခုကဲ့သို့ နှင်းပွင့်များကို လက်ဖြင့် ဆော့ကစားရန် မဆိုထားနှင့် သွေးခဲမတတ် အေးခဲမှုကိုပင် ခံနိုင်ရည် မရှိခဲ့သူ ဖြစ်သည်။ ယခုများတော့ဖြင့် သွေးခဲမတက် အေးခဲမှုကို ဆော့ကစား နေမိသည့်အထိ နှစ်ခြိုက်စွာ လက်ခံနေမိသူ အဖြစ် ပြောင်းလဲတတ် လာခဲ့၏။ ပြောင်းလဲတက်သော သဘာဝကြီးထဲမှာမှ အပြောင်းလဲ မြန်လွန်းသူများက လူသားများဖြစ်သည် ဆိုတာကို မိမိနှင့် နှိုင်းယှဉ်မိမှ ကျွန်မ ပိုမိုနားလည် လက်ခံလာခဲ့ရသည်။ ထိုကဲ့သို့သော အသိစိတ် တစုံတရာဖြင့် အတွေးတခု ဝင်ရောက် လာချိန်မှာတော့ ကျွန်မ မျက်ဝန်းတွေမှာ အပြုံးရိပ်များလည်း ခိုဝင်လို့ ရခဲ့ရတော့သည်။ ကျွန်မ အမှန်တကယ်ပင် နှင်းကို ချစ်တတ်လာ ခဲ့သည်ပင် မဟုတ်ပါလားဟူ၍ တွေးတောမိခြင်း ကြောင့်ပင် ဖြစ်လေတော့သည်။

++++++++++++++++++++

ညအချိန်မဟုတ်ဘဲ လကို မြင်ရသည့်အခါ အချိန်အခါ မဟုတ်၍လား မသိ လကို လအဖြစ် ခံစားဖို့ရာ အသိမဲ့နေသလိုပင်။ နေ့အခါပဲဖြစ်စေ၊ ညအခါမှာပဲဖြစ်စေ မြင်တွေ့ရသော လသည် မပြောင်းမလဲ ကျွန်မသိနေသော လ ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။ အချိန်အခါနှင့် အခြေနေအရ မြင်တွေ့ရသော လအပေါ်မှာ မျှော်လင့်မိသော စိတ်ခံစားချက်ဖြင့်သာ သက်ဆိုင်သည်ဟု သုံးသပ်မိသည်။ နေ၏ အလင်းရောင် ကွယ်ပျောက်ချိန် ကမ္ဘာတစ်ခြမ်းလုံး အမှောင်ကျသော အခါမှာ လ၏ အလင်းရောင်သည် နေရောင်ကဲ့သို့ မတောက်ပ၊ မထွန်းလင်း နိုင်ပေမယ့်  တတ်စွမ်းသမျှ အလင်းဖြင့် အလင်းပေးနိုင်ဖို့ ကြိုးစားရှာသည်ပင် မဟုတ်ပါလား။

ထိုကဲ့သို့ အေးမြသော လရောင်ကိုပင် အမျိုးမျိုး တင်စားခေါ်ဝေါ် ခဲ့ ကြသည်ပင် မဟုတ်ပါလေလား။ အတွေးပေါင်း မြောက်များစွာဖြင့်  လကို အချိန်ပေါင်းများစွာ မြတ်နိုးခဲ့ဖူးသည်။ လက်တစ်ကမ်းမှာ မြင်တွေ့နေရသော ချစ်သူစုံတွဲများ၏ ပျော်ရွင်ကြည်နူး နေသော ပုံရိပ်လေးတွေ မြင်လျှင် ကျွန်မသည်လည်း ပျော်ရသည်။ သူတို့၏ ပျော်ရွင်မှုများက ကျွန်မနှလုံးသားထဲ စိမ့်ဝင်နေသလို ခံစားရမိသည်။ ကြေကွဲနေသော ချစ်သူတွေ၏ ပူဆွေးမှုကို မြင်တွေ့ရချိန်တွင် ကျွန်မနှင့် မည်သို့မှ မသက်ဆိုင်သော်လည်း သက်ဆိုင်သူများ၏ နှလုံးသားက နာကျင်မှုကို ကိုယ်ချင်းစာမှုဖြင့် ခံစားပေးလို့ ရနေပြန်သည်။ နာကျင်သူတို့၏ ကြေကွဲမှုကို ကျွန်မ မျှဝေ ခံစား၍ ရနေသည်။

သို့သော် ကျွန်မ ဘယ်သောအခါကမှ ထိုသူတို့ကို နှစ်သိမ့်ပေးဖို့ မကြိုးစားခဲ့ဖူးပေ။ နာကျင် ခံရခက်မှု၊ ကြေကွဲ လွမ်းဆွတ်မှု ဆိုသည့် ခံစားချက်များသည် ကျွန်မနှင့် မစိမ်းသက်သော  မိတ်ဆွေ ရင်းချာပမာ ရင်းနှီး ကျွမ်းဝင်မှုရှိလှသည် မဟုတ်ပါလား။ တစုံတယောက်၏ ကြေကွဲမှု၊ နာကျင်ခံစားမှု တွေကို နှစ်သိမ့်ပေးရုံ၊ မျှဝေ ခံစားရုံလောက်ဖြင့်  နာကျင်သူကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ဘယ်တုန်းကမျှ ကျွန်မ မယုံကြည်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ခြောက်သွေ့သော ဘဝတစ်ခုကို ပိုင်ဆိုင်နေသော ကျွန်မသည်ပင် နွေကို ချစ်၏။ ကိုယ်တိုင်က ပူလောင်ကောင်း ပူလောင်နေနိုင် သော်လည်း အပူပေါ်သို့ နွေက ထပ်ဆောင်း၍ လောင်ကျွမ်းစေမည် ဆိုပါလျှင်လည်း ကျွန်မအနေဖြင့် ပြာကျလိုက်ဖို့ အသင့် ဖြစ်နေမည်။ လေယူရာ ယိမ်းထိုး၍ ကြွေလုလု ရော်ဝါတေကဲ့သို့ပင် မျှော်လင့်ချက်လည်း မဲ့ခဲ့ဘူးသည်။ ကြွေမှာကို မစိုးရိမ်သော်လည်း ပင်စည်ကို ဖတ်တွယ် ထားချင်နေသေးသော မသိစိတ်၊ မစွန့်ခွာ ချင်သော တွယ်တာမှုမျိုးဖြင့် ကျွန်မ ကြေကွဲခဲ့ဖူးသည်။

ထို့ထက်ပို၍လည်း ကျွန်မ နွေကို ချစ်သည်ဟူ၍ မဖွင့်ဆို တတ်တော့ပါ။ နွေကို ချစ်သူမို့ နွေ၏ အပူတွေကို လောင်ကျွမ်းရမှန်း မသိသလို ကျွန်မသည်လည်း နာကျင်စေပါလျှက်နှင့် တစုံတယောက်ကို နာကျင်ခဲ့ရကောင်းမှန်း နားမလည်တတ်ခဲ့ပါ။  ထိုထက်ပို၍လည်း ကျွန်မအနေဖြင့် လူတစ်ယောက်ကို ချစ်နိုင်တော့မယ် မထင်တော့ပါ။ ထို့ကဲ့သို့သော အယူအဆ၊ ခံယူချက်မျိုးဖြင့် ကျွန်မသူ့ကို ချစ်ခဲ့သည်မှာလည်း အမှန်တရား တခုအနေဖြင့် တည်ရှိနေပေလိမ့်မည်။

++++++++++++

ကျွန်မ ဘဝတွင် နာကျင်မှုများစွာ ရှိခဲ့ဖူးသည်။ တချို့ နာကျင်မှုတွေက ဘဝတစ်သက်လုံး အတွေးထဲ၌ပင် နာကျင်နေစေ သလိုမျိုး ခံစားခဲ့ရသည်။ ဒဏ်ရာများဖြင့် လဲနေသူကိုမှ အကြိမ်ပေါင်းများစွာ ထပ်မံ နာကျင်စေသည့် အခါ ဒဏ်ရာ ရနေသော ကျားနာတစ်ကောင်ကဲ့သို့ ကျွန်မ၏ မာနများက ချွန်ထက်နေခဲ့သည်။ နောက်ကျောဘက်မှ နေ၍ ဓါးထိုး ခံရပါများသောအခါ ယုံကြည်မှုများလည်း မှေးမှိန်ခဲ့ရသလို သံသယများကိုသာ မျက်လုံးနေရာ၌ အစားထိုးခဲ့မိ၏။ အသားပဲ့မှာထက် မာနမဲ့မှာကို ကျွန်မ ပိုမို စိုးထိတ်လာခဲ့သည်။ နိုင်လိုမင်းထက် အပြုမှုတွေက ကျွန်မ၏ သည်းခံမှုတွေကို ဝါးမြိုပစ်လိုက်သည့် အခါ စကားလုံးများပါ ခါးသက်လာခဲ့သည်။

တစ်ကြိမ်မဟုတ်သော နာကျင်မှုများဖြင့် အကြိမ်ကြိမ် နာကျင်စေခဲ့မှုတွေက ကျွန်မ၏ ခံယူချက်တွေကို ပြောင်းလဲပစ်နိုင်စွမ်း မရှိခဲ့သည်မှာ သေအချာပင်။ လောကမှာ ပျက်စီးတတ်သော လူအမျိုးအစား နှစ်မျိုး ရှိ၏။ မပြတ်သားသောသူနှင့် အမှတ်မထားသောသူ ဟူ၍ပင် ဖြစ်သည်။ ကျွန်မကိုယ်တိုင် အမှတ်မထားသော သူအဖြစ် ကျွန်မ၏ အိမ်မက်တစ်ခုကို ပျက်စီးစေခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထိုမျှမက မပြတ်သားသူ တစ်ယောက် ထပ်ဖြစ် ခဲ့မည်ဆိုလျှင် ကျွန်မမှာ ပျက်စီးစရာဟူ၍ ဘဝ တစ်ခုသာလျှင် ကျန်တော့၏။ ဘဝမှာ တစ်ခါမက နာကျင်ခဲ့ဖူးသူအတွက် နောက်ထပ်တစ်ခါ နာကျင်စေမည် ဆိုပါကလည်း  ခံစားချက်တွေက ထူးခြားလာမည်ဟု မထင်တော့ပေ။

သို့သော် အေးစက်သွားခဲ့သော ခံစားမူများက တစ်သက်စာအတွက် ဖြစ်သွားခဲ့ရသည်။ မည်သို့ပင် ဖြစ်စေ ကျွန်မ ကျေနပ်သည်။ လောကမှာ အပေးအယူ ဆိုတာ ရှိစမြဲပင် မဟုတ်ပါလား။ ရရှိမှုနှင့် ပြန်ပေးလိုက်ရတာတွေကို ဘယ်လိုပင် ချိန်ခွင်လျှာထိုး၍ ချိန်ချိန် အတွေ့အကြုံနှင့် ရင်ကျင့်မှုတွေက ကျွန်မအတွက် အမြတ်ကျန် နေခဲ့သည်ပဲလေ။ ဒါကိုပင် ဘဝထဲက ရသည့် အမြတ်လို့ ဆိုရမည်ပင် မဟုတ်ပါလား။

မျက်နှာပြင်ဆီသို့ လေနှင့်အတူ လာရောက်ရိုက်ခတ်သော နှင်းမှုန်တွေကို နှစ်သက်စွာပဲ ပြုံး၍ စီးကြိုလိုက်သည်။ အေးစက်သော အထိအတွေ့နှင့် အတူ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသော ချမ်းစိမ့်မူက သွေးကြောများ ထဲသို့ စိမ့်ဝင်လျှက်။ ယခုအချိန်တွင် ကျွန်မ၏ ခံစားမှုတွေ သေဆုံးသွားခဲ့၍ များလား မဆိုတက်ချေ။ “ချစ်သည်” ဟုဆိုသော စကားကြားမိသည့်အခါ ရယ်စရာ ပျက်လုံး တစ်ခုလိုပင် ရယ်မော ချင်နေမိသည်။ မရေရာသော စကားလုံးတွေကြားက ထွက်ပြေးချင်နေသော တစ္ဆေတစ်ကောင်လိုပင် အရာရာဟာ မဲမှောင်နေသည်။ သဟဇာတ မတည့်သော ကံကြမ္မာနှင့်မှ အပေါင်းအသင်း လုပ်မိသလို ကျွန်မသွားလေရာ အရပ်ကိုမှ မိုးလိုက်ရွာနေသလိုမျိုး ဘဝက ခပ်ဆိုးဆိုးတွေကိုပဲ တွေ့ကြုံစေသည်။ အလှပဆုံးသော အချိန်အခါ ဟူသမျှသည် ကျွန်မကို တစ်သက်လုံး နာကျင်စေသော အတိတ်မှာသာ ကျန်ရစ်နေစေ၏။

+++++++++++++++++++

မိုးကိုကြိုနေသော မေလ၏ ညနေခင်းမို့ ထင်သည် မိုး၏ အငွေ့အသက်တွေကို ခံစားလို့ရနေသည်။ တဟူးဟူး တိုက်ခတ်လာသော လေပြေ သော့သော့တွေက အနည်းငယ် ကြမ်းနေသယောင်။ ကန်ရေပြင်မှာ လူးလွန့်ပြေးလွှားနေသော ကြက်ခွပ်လှိုင်းလေးတွေက  အပြစ်ကင်းမဲ့နေသော ကလေးငယ်လေးများလို ဟိုဒီပြေးလွှား ဆော့ကစား နေသယောင်ပင်။ လှပသော ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ ဖြစ်နေမနေသော မျက်နှာထား မှုန်မှုန်ဖြင့် လူတစ်ယောက်။ တမင်မဟုတ်တောင် အနည်းငယ် ထန်နေသော သူ့မျက်ဝန်းများက ကျွန်မ မသိနိုင်သော အဓိပ္ပါယ်ပေါင်း မြောက်များစွာဖြင့် ပြည့်နှပ်လို့နေသည်။

ကျွန်မ ရင်းနှီးဖူးသော အချိုးကျကျ မျက်နှာတစ်ခုနှင့် အတူ မပြောင်းလဲသေးသော ရေမွေးရနံ့သာ မရှိနေခဲ့လျှင် သူဆိုတာ ကျွန်မ သိကျွမ်းခဲ့ဖူးသော လူတစ်ယောက်ပါဟု ဆိုရန် အတော်ပင် ခက်နေပေလိမ့်မည်။ ညိုသောအသားရည်တွင် စိတ်ညစ်ညူးနေဟန်ဖြင့် ပျောက်ဆုံးနေသော ကြည်လင်ပြတ်သားသည့် အကြည့်များ၊ အနည်းငယ် ပွယောင်းနေတဲ့ ဆံပင်တိုများက မသပ်မရပ် ကပို့ကရို ရှိစေသော်လည်း သူ့၏ ရှိရင်းစွဲ ဟန်ကိုတော့ မပျောက်ပျက် နိုင်စွမ်း ရှိနေသေးသည်ပင်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အနည်းငယ်သာ ဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကို သူ့စကားများအရ သိလိုက်ရသည့်အခါတွင်တော့ ကျွန်မ မအံ့သြဘဲ မနေနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။

ဘဝမှာ အနိုင်၊အရှုံး ဆိုတာ မည်သူကများ သတ်မှတ်ပေး ရပါသလဲ။ မည်သို့သော သူကများ ထိုသို့သော အဆုံးအဖြတ်ကို ဆုံးဖြတ်ပေး နိုင်ပါသလဲ။ ကျွန်မ၏ ခံယူချက်ကတော့ အနိုင်ပဲ ဖြစ်စေ၊ အရှုံးကိုပဲ ဖြစ်စေ လက်ခံဖို့ရာ မိမိကိုယ်တိုင်သာ အရေးအကြီးဆုံးလို့ ခံယူထားမိသည်။ မြောက်မြှားစွာသော အရှုံးဖြင့် ရင်းနှီးကျွမ်းဝင် ခဲ့ဖူးသော ကျွန်မသည်ပင် သူလို မဖြစ်သွားခဲ့ဘူးသေးပေ။ အို.. သူကရော ကျွန်မထင်သလို ရှုံးနိမ့် ကျဆုံးနေသူ တစ်ယောက် ဖြစ်နိုင်ပါ့မလား။ ကိုယ်တိုင် မသေချာသော မေးခွန်းအပိုင်းစတွေဖြင့် သူ့ကို  ဝေဖန်လိုက်ဖို့ဆိုတာ ကျွန်မ အတွက် အများကြီး မဖြစ်နိုင်သေးတာ အသေအချာပင်။

မည်သည့်အခါကမျှ မရခဲ့ဘူးသော သူဆီက အမှန်တရားတစ်ချို့နှင့် လှည့်စားမှု အမျိုးမျိုးသာ ရရှိခဲ့ဖူးသူ ကျွန်မ သိပ်ကို ညံ့ခဲ့ပါသည်။ ညံ့ခဲ့ဖူးသည် ဆိုသော အသိတစ်ခုတင် မဟုတ် ထိုထက်မကသော နုံနဲမှု၊ သိမ်ဖျင်းမှုတွေလည်း ပါခဲ့နိုင်သည်ပဲ။ တခါတရံ လှည့်စားတက်သောသူ အင်အားသုံးစရာ မလိုအောင်ဘဲ အညာခံရမည့် သူက ညံ့ဖျင်းနေခဲ့မည် ဆိုပါလျှင် လှည့်စားသူ၏ အပြစ်မဟုတ်ဘဲ အညာခံရသူ၏ သိမ်ဖျင်း နုံနဲမှုကသာ အပြစ်ဖြစ် နိုင်သည်ပဲလေ။

လူ့လောကတွင် သရုပ်ဆောင်တစ်ယောက် မဟုတ်ပါဘဲ သရုပ်ဆောင်ကောင်းသော သူတွေ အများကြီး ရှိနေနိုင် ပါလားဆိုတာကို သိခွင့်ပေးခဲ့သူ တစ်ယောက်ကို အလှည့်စားခံ ဖူးသော ကျွန်မလို သူတစ်ယောက်က ထိုသူ၏ အမှန်တရားကို ရှာဖွေနိုင်ဖို့ဆိုတာ ကြိးမားခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာရသကဲ့သို့ ခက်ခဲနေပေလိမ့်မည်။ မည်သည့်အခါကမျှ  ကျွန်မ နားမလည်နိုင်ခဲ့သော လူတစ်ယောက်ဟာ တစ်ချိန်ကတော့ ကျွန်မ၏ အနီးဆုံးနေရာ တစ်ခုမှာ နေရာရခဲ့ ဖူးသူတစ်ယောက် လည်းဖြစ်နေပြန်သည်။ ပြန်တွေးကြည့်လျှင် အနည်းငယ် ရယ်စရာကောင်း နေနိုင်သေးသည်ပင်။ ကျွန်မထင်ခဲ့သလို သူတစ်ကယ်ပဲ ကျွန်မ အနားမှာ ရှိခဲ့ဖူးသည် ဆိုတာကိုပင် ကျွန်မအနေဖြင့် မဝေခွဲနိုင်သေးတာ အမှန်ပင် ဖြစ်နေသည်။

သေချာတာ တစ်ခုက မည်သည့်အမှန်တရား တစ်ခုကိုမျှ မရခဲ့ဘူးသော ကျွန်မကအနေဖြင့် သူ ကျွန်မ၏အနား ရှိခဲ့ဖူးသည်ဟု တထစ်ချ ပြောဖို့ရာ အင်အားလည်း မရှိခဲ့ပေ။ ဒါကိုပင် အမှန်တရား တစ်ခုအနေဖြင့်  ဝန်ခံရမည်ပင်။ လေးနက်ခြင်း ဆိုတာ အဖြူရောင် နှလုံးသားမှ ပေါက်ဖွားလာသော အခြေခံ သဘောတရား တစ်ခုဟု ဆိုပါလျှင် ယုံကြည်မှုဆိုသည်မှာ လေးနက်ခြင်းကို အားဖြည့်ပေးသော ချစ်ခြင်း၏ အပိုင်းအစ တစ်ခု။ ဒါဆိုရင် အစစ်မဟုတ်ခဲ့သော ချစ်ခြင်းတရားပေါ်မှာ ယုံကြည်သက်ဝင်ခြင်းဟာ ရူးသွပ်ခြင်း တစ်ခုလို့  အဖြေ ထုတ်ပေးခဲ့သော သူကို ကျွန်မ မည်သို့ အမည်တပ်ရမယ်ဆိုတာ ယခု အချိန်ထိ မသိသေးတာတော့ အမှန်ပင်။

ယခုအချိန်တွင် ကျွန်မရှေ့မှာ ရှိနေသော သူကတော့ ကျွန်မနှင့် အနီးဆုံး မျက်နှာချင်းဆိုင် နေရာတွင် ရှိနေသော်လည်း သူ၏စိတ်အစဉ်ကတော့ ကျွန်မနှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေဟန်ဖြင့် အဝေးသို့ ငေးမောနေလျှက် ရှိနေသည်။

+++++++++++++++++++

“Speech is a beautiful net in wich souls are caught.”   
( Margaret Halsey)
 “ စကားလုံးဆိုတာ နှလုံးသားများကို ဖမ်းယူဖို့ လှပတင့်တယ်သော ပိုက်ကွန်တစ်ခု ဖြစ်တယ်” 
ကြားဖူး၊ သိဖူး၊ ဖတ်ဖူးခဲ့သော စကားပုံလေး အတိုင်း ကျွန်မကိုယ်တိုင်ပင် စကားလုံးများ၏ ဖမ်းစားခြင်းကို ခံခဲ့ရသူဟု ပြန်လည်ဆန်းဆစ်မိ၏။ လူ့ဘဝတွင် တွေ့ကြုံခဲ့ရသမျှ ခံစားမူပေါင်းများစွာ ရှိနိုင်ကြသည်ပင်။ ထိုခံစားမှုများစွာ အနက်မှ မိမိကိုယ်နာကျင်စေသော အကြောင်းအရာတို့သည် အမှတ်တရများစွာ အဖြစ် စွဲကျန်ရစ်တက် ကြသည်မဟုတ်ပါလား။ ဘဝတွင် နာကျင်စေခဲ့သော လူတစ်ဦး၊ အကြောင်းအရာ တစ်ခု၊ အဖြစ်အပျက်တို့သည် မိမိ၏ အသိစိတ်တွင် မမေ့မလျော့ စွဲကျန်ရစ်စေနိုင်သော်လည်း ထပ်တူညီမျှသော နာကျင်မှုကိုဖြင့် မပေးနိုင်ကြပေ။

ထို့နည်းတူပင် သူသည်လည်း ကျွန်မအပေါ်၌ ပြုမှုခဲ့သော အကြောင်းအရာ အားလုံးအပေါ် သတိတရ ရှိနေနိုင်သော်လည်း ကျွန်မမှာ သူနှင့်ပါတ်သတ်၍ နာကျင်ခံရခက်မှုများ မခံစားရတော့ချေ။ အချိန်သည် အကောင်းဆုံး သမားတော်ပင် ဖြစ်ခဲ့လိမ့်မည် ထင်သည်။ “ဘတစ်ပြန်၊ ကျားတစ်ပြန်” ဆိုသကဲ့ပင် ကံကြမ္မာ အပြောင်းအလဲဖြင့် ဆုံရ ကြုံရတဲ့အခါ ပြောင်းလဲမှုများနှင့် ကျရှုံးနေသော လူတစ်ဦးအပေါ် ထူးခြား၍ နာကျင်ရကောင်းမှန်း မသိတော့ပေ။ အလိုအလျှောက် မဟုတ်ခဲ့တောင် အခုချိန်လောက်ဆို သူနားလည်နေလောက်ပြီ ဆိုသော ခံစားချက်၊ ကိုယ်ချင်းစာစိတ် တို့ဖြင့် နာကျည်းမှုတို့ကို စွန့်ပစ်နိုင်ခဲ့သည်။

အလုံးစုံ ခွင့်လွတ်နိုင်သော ပါရမီမျိုး ရင့်သန်နေသူ မဟုတ်သော်လည်း ကျွန်မသူ့အပေါ် ခွင့်လွတ်နိုင်ခဲ့သည်။ သူ့အပေါ် ခွင့်လွတ်လိုက်ခြင်းဖြင့် ကျွန်မကိုယ်တိုင် လွတ်လပ်ခွင့် ရယူလိုက်ခြင်းလည်း ဖြစ်သည်။ သူနှင့်ပါတ်သက်သော၊ အချစ်၊ အမုန်း၊ အလွမ်း စသည့် ခံစားချက်များ အပါအဝင် ကိုယ်တိုင် တုတ်နှောင်ထားမိသော တစုံတရာ နာကျင်မှု အတ္တတို့မှ လွတ်မြောက်ခွင့် ရခဲ့သည်။ သူနှင့် ပါတ်သက်ပြီးမှ ရခဲ့ဖူးသော တစုံတရာ ချစ်ခြင်းမေတ္တာနှင့် ခံစားချက်တချို့၊ နာကျည်းမှုနှင့် သံယောဇဉ် အရာရာတို့အတွက် သူ့အား ကျေးဇူးတင်မိသည်။

သူ့ကြောင့်သာ မဟုတ်ခဲ့လျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ကျွန်မ နားလည်ခဲ့မည် မဟုတ်ပေ။

“ It is better to give than to recive.”  
“ရယူခြင်းထက် ပေးဆပ်ခြင်းက သာလွန်ကောင်းမွန်၏။”

ထိုသဘောတရားကိုလည်း ယခုချိန်မှာ ကျွန်မအနေဖြင့် ကောင်းစွာ နားလည် သဘောပေါက်နေပြီ ဖြစ်သည်။ အဖြစ်အပျက် များထဲမှလည်း အဆိုးထဲက အကောင်းတွေကို ကျွန်မ ရှာဖွေတွေ့ရှိ တတ်ခဲ့ပြီ ဖြစ်သည်။ အဖြူစင်ဆုံး၊ အချိုဆုံး အပြုံးများဖြင့် နောက်ဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နေနိုင်သည့် တွေ့ဆုံမှုတစ်ခုတွင် သူ့ထံသို့ လက်ဆွဲနှုတ်ဆက်ရန် အတွက်  ကမ်းပေးမည့် ကျွန်မ လက်အစုံသည် ထွေးနွေးမှု တစုံတရာလည်း ပါကောင်းပါနေနိုင်မည် ဖြစ်သည်။ သို့တည်းမဟုတ် ကျွန်မထံမှ ရရှိခဲ့သော အဖြူစင်ဆုံးသော မေတ္တာတရားလည်း ဖြစ်နေနိုင်သည်ပင် မဟုတ်ပါလားရှင်။

+++++++++++
++++++
+++
လေးစားလျှက်
အိန်ဂျယ်လှိုင်
9.22 PM(Austria)
Friday, March 22, 2013





10 comments:

ဝတ္တုလေးတစ်ပုဒ်ဆိုတာထက် အက်ဆေးချိုချိုလှလှလေးတစ်ပုဒ်လို ခံစားလိုက်ရတယ်။

အက်ဆေး လှလှလေး တစ်ပုဒ်ကို ဖတ်လိုက်ရတဲ့အတွက် ဒီညတော့ အချိန်ကို အသုံးချလိုက်ရတာ တန်ဖိုးရှိသွားပြီ .

ခင်မင်စွာဖြင့်
ဗညားရှိန်

လောကမှာ ပျက်စီးတတ်သော လူအမျိုးအစား နှစ်မျိုး ရှိ၏။
မပြတ်သားသောသူနှင့် အမှတ်မထားသောသူ..တဲ့လား မမ.. တကယ့်ကို ထိထိရှရှလေး ခံစားရပါတယ်

~ Kk ~

“ကျွန်မ ဘဝတွင် နာကျင်မှုများစွာ ရှိခဲ့ဖူးသည်။ တချို့ နာကျင်မှုတွေက ဘဝတစ်သက်လုံး အတွေးထဲ၌ပင် နာကျင်နေစေ သလိုမျိုး ခံစားခဲ့ရသည်။ ဒဏ်ရာများဖြင့် လဲနေသူကိုမှ အကြိမ်ပေါင်းများစွာ ထပ်မံ နာကျင်စေသည့် အခါ ဒဏ်ရာ ရနေသော ကျားနာတစ်ကောင်ကဲ့သို့ ကျွန်မ၏ မာနများက ချွန်ထက်နေခဲ့သည်။” ... ရင်ဘတ်ထဲကို တည့်တည့်ထိတဲ့ အက်ဆေးလေးပါပဲ မမရေ ... :)

အိန်ဂျယ်..
ကောင်း၏

သူနှင့် ပါတ်သက်ပြီးမှ ရခဲ့ဖူးသော တစုံတရာ ချစ်ခြင်းမေတ္တာနှင့် ခံစားချက်တချို့၊ နာကျည်းမှုနှင့် သံယောဇဉ် အရာရာတို့အတွက် သူ့အား ကျေးဇူးတင်မိသည် တဲ့။

ဒီဝတ္တုကလေးဖတ်ရတာ မြတ် ဝမ်းနည်းလိုက်တာ လှိုင်ရယ်။

ဘာတစ်ခုကိုမှ ပြန်ရဖို့ စဉ်းစားမထားတဲ့ သက်ရောက်မှုမျိုးက အချစ် ဆိုပါစို့ ... တစ်ခါတစ်ခါ အဲဒီအကြောင်းတွေ ပြန်တွေးရတာ စိတ်ထဲတော့ ကောင်းမှာ မဟုတ်တာ အသေအချာပါပဲဗျာ ...

အိန်ဂျယ်လေးရေ...

ရင်ထဲက သုံးရာသီလေးကို သိမ်းထားချင်လို့ Myanmar Blogs Digest Page လေးဆီကို မ သွားခဲ့ပြီနော်. :)

https://www.facebook.com/mmblogsdigest

ကျေးဇူး..

ခင်မင်လျက်

Yan.

ပထမဆုံး comment ပေးဖြစ်ခဲ့ပါတယ်...

ဘဝမှာ တစ်ခါမက နာကျင်ခဲ့ဖူးသူအတွက် နောက်ထပ်တစ်ခါ နာကျင်စေမည် ဆိုပါကလည်း ခံစားချက်တွေက ထူးခြားလာမည်ဟု မထင်တော့ပေ။

ကောင်းလိုက်တဲ့ စာသားလေးပါပဲ မအိမ်ဂျယ်လှိုင်

ဖေ့ဘွတ်ကတွေ့ လို လာဖတ်တာ..ကောင်းလိုက်တာ အိန်ဂျယ်ရေ..Bravo !

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More